
တနင်္သာရီတိုင်း၊ မြိတ်မြို့ကနေ ရန်ကုန်မြို့ကို သွားရောက်ဆေးဝါးကုသနေရတဲ့ မြို့ခံတွေဟာ လမ်းခရီးအခက်အခဲတွေကြောင့် ဆေးသွားရောက်ကုသဖို့ ခက်ခဲလာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ရန်ကုန်ကို သွားရောက်ဆေးကုသမဲ့သူတွေဟာ မြိတ်-ရန်ကုန် ကားလမ်းပိုင်းမှာ နယ်မြေဒေသ မတည်ငြိမ်သေးတဲ့အတွက် ခရီးစဥ်တွေ ကြာမြင့်တာတွေနဲ့ လေကြောင်းကနေလည်း လေယာဥ်လက်မှတ်ဈေးနှုန်း မြင့်လာတာကြောင့် သွားလာရ ပိုမိုခက်ခဲလာတယ်လို့ ဆိုပါတယ်။
မြိတ်-ရန်ကုန်ကို ကားလမ်းနဲ့ ပို့ဆောင်ပေးနေသူတယောက်က “မြိတ်ကနေ ရန်ကုန်ကို ပိုက်ဆံမတတ်နိုင်လို့ ဆုံးသွားတဲ့ လူနာမျိုးတော့ မရှိဘူး။ လမ်းပိတ်နေလို့ စောင့်ရင်းနဲ့ ဆုံးသွားတဲ့ လူနာမျိုးတော့ ရှိတယ်။ လေယာဥ်နဲ့သွားရင်တော့ အသွားအပြန်စရိတ်က ၁၀ သိန်းကျော်လောက်ရှိတယ်ဆိုတော့ ခက်ခဲတာပေါ့။ သာမန်လူတန်းစာတွေ အနေနဲ့တောင် စဥ်းစားရတာမျိုး ရှိတယ်ဆိုတော့လေ။ လူနာတော်တော်များများကလည်း သူတို့ကိုယ်သူတို့ စဥ်းစားလာတာပေါ့။ ကားလမ်းကလည်း မကောင်းနိုင်တော့ မသွားနိုင်ဘူး။ ရန်ကုန်ဘက်မှာ ကျောင်းသွားထားတဲ့ မိဘတွေကလည်း အရင်ကဆို သုံးလ တကြိမ်၊ နှစ်လ တကြိမ် ရန်ကုန်တက်နေပေမဲ့ အခုဆို ၆ လမှတကြိမ်၊ တနှစ်မှ တကြိမ်ပဲ တက်နိုင်တော့တယ်။ အလုပ်ကိစ္စသမားတွေကလည်း ကိုယ်ရမယ့်အကျိုးအမြတ်မှာ သွားရမဲ့လေယာဥ်ခနဲ့ ပြန်ချိန်ယူနေရတယ်” လို့ ပြောပါတယ်။
မြိတ်ကနေ ရန်ကုန်ကို ကားလမ်းကနေ ဆေးသွားရောက်ကုသမဲ့သူတယောက်ဟာ ကားဆီဖိုး အပါအဝင် အသွားအပြန်စရိတ် ၁၀ သိန်းကျော် ကုန်ကျပြီး လူနာအများစုဟာ နှလုံး၊ ဆီးချို၊ သွေးတိုးနဲ့ ကျောက်ကပ်ရောဂါ ခံစားနေရတဲ့သူတွေ ဖြစ်တယ်လို့ ကူညီပေးနေသူတွေဆီက သိရပါတယ်။
အဲဒီအပြင် မြိတ်-ရန်ကုန် ကားလမ်းအခက်အခဲနဲ့ လေယာဥ်လက်မှတ်ဈေးနှုန်း မြင့်တက်လာတဲ့အတွက် ကျောင်းသားမိဘတွေနဲ့ စီးပွားရေးလုပ်ကိုင်နေသူတွေ ရန်ကုန်ကို သွားလာဖို့ အရင်ကထက် ပိုအခက်အခဲဖြစ်လာတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်တုန်းက မြိတ်-ရန်ကုန် လေယာဥ်လက်မှတ်ဈေးနှုန်းဟာ ၆၅,၀၀၀ ကျပ် ဝန်းကျင်သာ ရှိခဲ့ပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၆ ခုနစ်မှာတော့ ကျပ် ၆ သိန်းဝန်းကျင်အထိ တဖြည်းဖြည်း မြင့်တက်လာတယ်လို့ ဆိုပါတယ်။
မြိတ်-ရန်ကုန်ကို ခရီးသွားလာနေသူတယောက်က “ဘန်ကောက်-ရန်ကုန် တနာရီစီးတယ်။ မြိတ်-ရန်ကုန် တနာရီစီးတယ်။ ကြာချိန်က အတူတူပဲလေ။ ဘန်ကောက်-ရန်ကုန်က အသွားအပြန်မှ ၆ သိန်းလောက်ပဲ ကျတယ်လေ။ ရန်ကုန်-မြိတ်က ၁၂ သိန်းလောက် ယူထားတယ်။ ဒါဆို ရန်ကုန်-ဘန်ကောက်တောင် သွားလို့ ကိုက်သေးတာ။ ရန်ကုန်-မြိတ်နဲ့လည်း သွားလို့ ကိုက်ရမယ်လေ။ ဒါလည်း စီးသမား စီးနေရတော့ သူတို့လုပ်သမျှ ခံနေရတာပေါ့။ ရေလမ်းက စပြီးဆွဲနေပေမဲ့ ထားဝယ်ကနေ ကျော်သွားရင် လုံးဝအဆင်ပြေသွားပြီလို့ ကြားရတယ်။ ကားလမ်းနဲ့သွားရင်လည်း လူပင်ပန်း၊ စိတ်ပင်ပန်းတယ်။ အခန့်မသင့်ရင် လမ်းတွေပိတ်ပြီးတော့ ကြားမှာ အချိန်တွေ အများကြီးကုန်တယ်။ လေကြောင်းနဲ့က တခါပဲ ကုန်ပြီးတော့ လုံခြုံစိတ်ချရတာကြောင့် လေကြောင်းလိုင်းကိုပဲ ရွေးချယ်ဖြစ်တယ်” လို့ ပြောပါတယ်။
ရေလမ်းခရီးမှာလည်း အမြန်ရေယာဥ်နဲ့ မြိတ်မြို့ကနေ ထားဝယ်မြို့အထိသာ သွားလာနိုင်ပြီး အသွားတခေါက်ကို ၂ သိန်းပေးရကာ ထားဝယ်ကနေတဆင့် ရန်ကုန်ကို ကားလမ်းနဲ့ ထပ်ပြီးသွားလာနေရတယ်လို့ ခရီးသွားလာနေသူတွေဆီက သိရပါတယ်။


