
လွတ်လပ်မှု၊ တရားမျှတမှုနဲ့ အီရန်လက်ရှိ အစိုးရ အဆုံးသတ်ရေး တောင်းဆိုတဲ့ ဆန္ဒပြပွဲကြီးတခုကို ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာ ဖေဖော်ဝါရီ ၁၄ ရက်က ပြုလုပ်ခဲ့တာမှာ လူပေါင်း ၂ သိန်းခွဲလောက်ဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စုဝေးပါဝင်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ အီရန်ရဲ့ လက်ရှိအစိုးရအဆုံးသတ်ရေး တောင်းဆိုပြီး ပြည်ပရောက် အတိုက်အခံခေါင်းဆောင် ရေဇာပါလာဗီကို ထောက်ခံကြောင်း ဖော်ပြခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဆန္ဒပြပွဲမှာပါဝင်ဖို့ ဂျာမနီအပြင် ဥရောပဒေသတဝန်းနိုင်ငံတွေကနေ ရောက်လာခဲ့ကြတာဖြစ်ပြီး အီရန်အလံတွေကို ဝှေ့ယမ်းရင်း ပါလာဗီရဲ့ ရုပ်ပုံတွေနဲ့ အီရန်အစိုးရကို ဝေဖန်တဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားကြပါတယ်။
ဆန္ဒပြပွဲမှာပါဝင်တဲ့ အမျိုးသမီးတယောက်က “ကျမတို့က အီရန်ကို ပြန်လည် ကြီးကျယ်စေချင်တယ်”လို့ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အီရန်က နောက်ဆုံးရှားဘုရင်ရဲ့သား ပါလာဗီရဲ့ လက်အောက်က ခေါင်းဆောင်မှုနဲ့ အစိုးရကို အစားထိုးဖို့လည်း တောင်းဆိုခဲ့ကြပါတယ်။
ဆန္ဒပြသူ အမျိုးသားတယောက်ကလည်း အလားတူခံစားချက်တွေကို ပဲ့တင်ထပ်ရင်း လက်ရှိ အီရန်ရဲ့ ခေါင်းဆောင်မှုကို ကျယ်ကျယ်ပြန့်ပြန့် ဖိနှိပ်မှုလို့ စွပ်စွဲခဲ့ပါတယ်။
ဆန္ဒပြပွဲမှာ လူပေါင်း သိန်းချီပါဝင်ခဲ့ပေမဲ့ သိသာထင်ရှားတဲ့ အနှောင့်အယှက်တွေ မဖြစ်ခဲ့ဘူးလို့ မြူးနစ်ရဲတပ်ဖွဲ့က မှတ်ချက်ပြုခဲ့ပါတယ်။
Source: Reuters


