
ဖေဖော်ဝါရီ ၁၅ ရက် ဒီကနေ့မနက်အစောပိုင်းက ယှဥ်ပြိုင်ကစားခဲ့တဲ့ စပိန်လာလီဂါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းဟာ အိမ်ကွင်း ဘာနေဗျူးမှာ ဆိုစီဒက်အသင်းကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး အမှတ်ပေးဇယားထိပ်ကို တက်လှမ်းနိုင်ခဲ့ပါတယ်။
ပွဲစလို့ ၅ မိနစ်အတွင်းမှာပဲ အာနိုးရဲ့ ပေးပို့မှုကနေတဆင့် ဂွန်ဇာလိုဂါစီယာဂိုးသွင်းယူနိုင်ခဲ့ပြီး ရီးရဲလ်တို့ ဦးဆောင်ဂိုးစရပါတယ်။
ပွဲချိန် ၂၁ မိနစ်မှာ ပင်နယ်တီကနေတဆင့် ရီးရဲလ်တို့ ချေပဂိုးပေးခဲ့ရပေမဲ့ ပွဲချိန် ၂၅ မိနစ်မှာပဲ အာရမ်ဘူရူရဲ့ ဗီနီးစီးယက်အပေါ် ပြစ်ဒဏ်ကျူးလွန်မှုကနေ ပင်နယ်တီပြန်လည်ရရှိကာ ဦးဆောင်ဂိုးပြန်လည်ရရှိခဲ့ပါတယ်။
ပွဲချိန် ၃၁ မိနစ်မှာတော့ ဗယ်ဗာဒီရဲ့ကန်သွင်းမှုကနေ ရီးရဲလ်တို့ ထပ်မံဂိုးရရှိခဲ့ပြန်ပါတယ်။ ဒါဟာ ဗယ်ဗာဒီရဲ့ ဒီရာသီ လာလီဂါ ပထမဆုံး လိဂ်သွင်းဂိုးလည်းဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ ဗီနီးစီးယက်ကြောင့်ပဲ ရီးရဲလ်တို့ ထပ်မံ ပင်နယ်တီရရှိကာ ၄ ဂိုး ၁ ဂိုး ရလဒ်ကိုပိုင်ဆိုင်ခဲ့ပါတယ်။
ဒီနိုင်ပွဲကြောင့် ရီးရဲလ်မက်ဒရစ်ဟာ ၂၄ ပွဲကစား ၆၀ မှတ်နဲ့ ဘာစီလိုနာထက်တပွဲပိုကစားပြီး ၁ မှတ်အကွာနဲ့ဇယားထိပ်ဆီ တက်လှမ်းလာတာပါ။
ဖေဖော်ဝါရီ ၁၇ ရက်မှာ ဂျီရိုနာနဲ့ ပွဲကျန် ကစားရမဲ့ ဘာစီလိုနာအသင်းက ၂၃ ပွဲကစားအပြီးမှာ ၅၈ မှတ်နဲ့ အဆင့် ၂ နေရာမှာ တည်နေပါတယ်။
Photo: Reuters


