Home
မြန်မာသတင်း
တော်လှန်ရေးစခန်းကို မီးရှို့သွားသည့်စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၀ ဦးထက်မနည်းသေဆုံး 
DVB
·
February 14, 2026
Photo : မ​ကွေးခရိုင်တပ်ရင်း ၁

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ ဖေ​ဖော်ဝါရီလ ၈ ရက်နေ့က တော်လှန်ရေးတပ်စခန်း ၁ ခု မီးရှို့ဖျက်ဆီးခံလိုက်ရပြီး စစ်တပ်စစ်ကြောင်းနဲ့ဖြစ်​ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်သား ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးတပ်ဖွဲ့​တွေဆီကနေ သိရပါတယ်။

တိုက်ပွဲအတွင်းပါဝင်ခဲ့တဲ့ တော်လှန်ရေးရဲဘော်တယောက်က “ညောင်ဦးမြို့နယ်ထဲကနေ ချောက်မြို့နယ် ဆင်ကရွာဘက်ကို အင်အား ၁၀၀ လောက်နဲ့တက်လာတဲ့စစ်တပ်စစ်ကြောင်းက မ​ကွေးခရိုင်တပ်ရင်း ၁ ရဲ့ စခန်းတခုကိုမီးရှို့သွားတယ်။ အဲဒီနေ့ မနက် ၉ နာရီခွဲလောက်မှာ စခန်းမီးရှို့သွားတဲ့စစ်ကြောင်းကို ဗိုလ်ကုန်း​ရွာနဲ့ စန်းကန်​ရွာကြားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ တိုက်ပွဲက တနာရီအတွင်း ၂ ကြိမ်ဖြစ်ခဲ့ပြီးတော့ ရန်သူ့ဘက်က ၁၀ ယောက်ထက်မနည်းသေပြီး ဒဏ်ရာရတဲ့သူတွေများလို့ ရှေ့ဆက်မတိုးနိုင်ဘူး” လို့ ပြောပါတယ်။

အထိနာသွားတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဗိုလ်ကုန်းကျေးရွာအတွင်း ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ခိုးယူလုယက်သွားကြကာ ဗိုလ်ကုန်းကျေးရွာအနီးက ပြည်သူပိုင်ထန်းလျက်ချက်တဲ့ အဆောက်အအုံ ၁၀ လုံးထက်မနည်းကိုလည်း မီးရှို့ဖျက်ဆီးပြီး ညနေပိုင်းမှာ နောက်ကြောင်းပြန်လှည်သွားကြတယ်လို့လည်း သူကဆက်ပြောပါတယ်။

တိုက်ခိုက်မှုကို မကွေးခရိုင်စစ်ဌာနကွပ်ကဲမှု​အောက်က မ​ကွေးခရိုင်တပ်ရင်း ၁၊ မ​ကွေးခရိုင်တပ်ရင်း ၃၊ SR 7 မ​ကွေးတိုင်း အထူးလှုပ်ရှားတပ်ရင်း ၇၊ ဧရာ​ဒေါင်း (Local PDF) အဖွဲ့နဲ့အတူ ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။

မ​ကွေးခရိုင်တပ်ရင်း ၁ ရဲ့ တာဝန်ရှိသူတဦးက “မီးရှို့ခံလိုက်ရတာက ပင်မစခန်းမဟုတ်ပါဘူး။ ရှေ့တန်းရဲဘော်တွေဆီကို အလွယ်တကူ ထောက်ပို့လုပ်နိုင်ဖို့ဆောက်ထားတဲ့ ယာယီစခန်းဖြစ်ပါတယ်။ ပျက်စီးဆုံးရှုံးမှုပမာဏကတော့ အဆောက်အအုံ၊ ဆိုင်ကယ်တွေနဲ့ ယမ်းတွေအားလုံးအပါအဝင် သိန်း ၁၀၀ ဖိုး နီးပါးလောက်ရှိပါတယ်” လို့ DVB ကို ပြောပါတယ်။

တိုက်ပွဲအတွင်း ကျောက်ပန်းတောင်းမြို့နယ်ပြည်သူ့စစ်အဖွဲ့က တပ်ဖွဲ့ဝင် ပျူစောထီး ၁ ယောက် ကိုလည်း အရှင်ဖမ်းမိခဲ့သလို တော်လှန်ရေးရဲဘော် ၁ ယောက် ဟာလည်း လက်နက်ကြီးကျည်စ ထိမှန်ပြီး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိခဲ့သေးတယ်လို့ သူကဆက်ပြောပါတယ်။

မကွေးခရိုင်စစ်ဌာနအောက်မှာရှိကြတဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ  တော်လှန်ရေးအင်အားစုတွေနဲ့ပူ းပေါင်းပြီး စစ်ဆင်ရေးတွေကိုဆောင်ရွက်နေသလို ဆက်လက်ပြီးတော့လည်း စစ်ဆင်ရေးအရှိန်ကိုမြှင့်တင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013