
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ မြန်မာအလုပ်သမား အယောက် ၆၀ ကျော်ကို အီလက်ထရောနစ် စက်ရုံမှာ အလုပ်သွင်းပေးမယ်ဆိုကာ အလုပ်သွင်းပေးခ တယောက်ကို ဘတ် ၈,၅၀၀၊ စုစုပေါင်း ဘတ် ၅ သိန်းကျော် အလိမ်ခံလိုက်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
ထိုင်းနိုင်ငံ၊ ချွန်ဘူရီခရိုင်မှာ စက်ရုံအလုပ်သွင်းပေးမယ်ဆိုပြီး မြန်မာအလုပ်သမား ၆၃ ယောက်ဆီကနေ အလုပ်သွင်းပေးခ (စမတ်ကြေး) ကောက်ခံကာ လိမ်လည်ထွက်ပြေးသွားတဲ့ ဖြစ်ရပ်တခု ဖြစ်ပွားခဲ့ပါတယ်။
အလုပ်ရဖို့ မျှော်လင့်ချက်နဲ့ ငွေကြေး စုဆောင်းပေးသွင်းခဲ့ကြတဲ့ မြန်မာလုပ်သား ၆၀ ကျော်ဟာ ပွဲစားလင်မယားရဲ့ လိမ်လည်တာ ခံလိုက်ရတာပါ။
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ပုကိုင်ကျေးရွာ ဇာတိဖြစ်တဲ့ လင်မယားနှစ်ယောက်ဟာ ချွန်ဘူရီနယ်မြေအတွင်းက အီလက်ထရောနစ် စက်ရုံတခုမှာ အလုပ်သွင်းပေးမယ်လို့ အလုပ်သမားတွေကို သိမ်းသွင်းပြောဆိုခဲ့တာဖြစ်ပြီး၊ အလုပ်သမား တယောက်ကို စမတ်ကြေး ၈,၅၀၀ ဘတ်နှုန်းနဲ့ ကောက်ခံခဲ့ပါတယ်။
လိမ်လည်ခံရတဲ့ အလုပ်သမားတယောက်က “အီလက်ထရောနစ်ရုံ (ခေါ်) အကင်အိုးရုံကို ကျနော်တို့ကို သွင်းပေးမယ်ဆိုပြီး၊ တယောက်ကို စမတ်ခ ၈,၅၀၀ စီ ကောက်ခံပြီး အလုပ်သွင်းပေးမယ်ဆိုပြီး၊ အလုပ်မသွင်းပေးဘဲ ပွဲစားရော သူ့မိန်းမရော ထွက်ပြေးသွားပါတယ်။ ကျနော်တို့ အခု လက်ရှိက ကိုမုန်တိုင်းတို့ကို အကူအညီတောင်းပြီး တိုင်ဖို့ ဆုံးဖြတ်ထားပါတယ်။ ကျနော်တို့ကို အလုပ်သွင်းပေးမယ်ဆိုပြီး၊ အလုပ်မသွင်းပေးဘဲ ထွက်ပြေး တိမ်းရှောင်နေပါတယ်။ တရားဥပဒေအရ သူတို့ ရင်ဆိုင်ဖို့ လိုက်ပါတယ်။ ကျနော်တို့ သက်ဆိုင်ရာကို တိုင်ထားတာ ဖြစ်တဲ့အတွက် သက်ဆိုင်ရာက ဖြေရှင်းပေးတာကို လိုချင်ပါတယ်” လို့ ပြောပါတယ်။
အဲဒီပွဲစား လင်မယားနှစ်ယောက်ဟာ အလုပ်သမား ၆၃ ယောက် ဆီကနေ စုစုပေါင်း ထိုင်းဘတ်ငွေ ၅၃၅,၅၀၀ ကျော် ကောက်ခံခဲ့ပြီးနောက် အလုပ်သွင်းမပေးဘဲ အချိန်ဆွဲထားခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်မရတာ အချိန်ကြာနေတာကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၁ ရက်မှာ အလုပ်သမားတွေက ချွန်ဘူရီခရိုင်၊ ဘောဝင်းမြို့နယ်ရှိ တိုက်ခန်းတခုကို လိုက်လံစုံစမ်းခဲ့ကြရာမှာ ပွဲစားလင်မယားက အခန်းကနေ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ သိရပါတယ်။
အဲဒီ ပွဲစား လင်မယားစုံတွဲက ပန်းရောင်ကတ် ကိုင်ဆောင်ထားတဲ့ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်တာကြောင့် သူတို့ကို သက်ဆိုင်ရာနယ်မြေ အလုပ်သမားရုံးကတဆင့် အမှုဖွင့် အရေးယူနိုင်ဖို့ လိုက်ပါ ဆောင်ရွက်ပေးနေတယ်လို့ WAG - မြန်မာ အလုပ်သမား ကူညီရေးအဖွဲ့မှ ကိုမုန်တိုင်းက ပြောပါတယ်။
“ကျနော်တို့အနေနဲ့ ဘယ်လို ကူညီဆောင်ရွက်ပေးနေလဲဆိုတော့ လိမ်သွားတဲ့ ပွဲစားက ပန်းရောင်ကတ် ကိုင်ဆောင်ထားသူ ဖြစ်တဲ့အတွက် မြို့နယ် ကျဟငန်ရုံး (အလုပ်သမားရုံး) မှာ ငွေလိမ်လည်မှုနဲ့ အမှုဖွင့်ဖို့ လုပ်ထားပါတယ်။ အခုဆိုရင် ထိုင်းနိုင်ငံမှာ ၂၀၂၅ နောက်ပိုင်းမှာ တော်တော်ကြီးကို ဆိုးဝါးလာတယ်။ ငွေလိမ်လည်မှုတွေ တအားများလာတယ်။ အခုဆိုရင် လူဦးရေ ၆၀ ကျော်၊ တယောက်ကို ၈,၅၀၀ နဲ့ အလိမ်ခံထိတယ်။ ချွန်ဘူရီ နယ်မြေထဲမှာပေါ့။ ပွဲစားကတော့ အခု လက်ရှိ တိမ်းရှောင်နေတယ်။ အဲ့အတွက် သက်ဆိုင်ရာရုံး၊ ဌာနဆိုင်ရာရုံးကို ချိတ်ဆက်နေတယ်။ အမှုဖွင့်ဖို့ ကျနော်တို့ လုပ်ထားပါတယ်။”
လက်ရှိမှာတော့ အလိမ်ခံလိုက်ရတဲ့ မြန်မာအလုပ်သမား ၆၃ ယောက်ဟာ အလုပ်လက်မဲ့ ဖြစ်နေပြီး၊ ဝင်ငွေ မရှိတဲ့ အခက်အခဲပါ ကြုံနေရပါတယ်။ သူတို့ ပေးထားတဲ့ စမတ်ခ ငွေကြေးတွေ ပြန်ရဖို့နဲ့ ထွက်ပြေးသွားတဲ့ ပွဲစား လင်မယားကို ဥပဒေအတိုင်း အရေးယူနိုင်ဖို့ အလုပ်သမား ကူညီပေးရေး အဖွဲ့တွေကို အကူအညီ တောင်းခံထားပါတယ်။
ထိုင်းရောက် မြန်မာအလုပ်သမားတွေဟာ လုပ်ငန်းခွင်တွေမှာ အခွင့်အရေး ချိုးဖောက်ခံရတာတွေအပြင် မြန်မာအချင်းချင်း ငွေကြေး လိမ်လည်တာတွေ၊ အလုပ်သွင်းပေးခ (စမတ်ကြေး) အဆမတန် တောင်းခံတာတွေ၊ လုပ်အားခ ပုံမှန်ရှင်းမပေးတာတွေ ကြုံနေရတယ်လို့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။
လက်ရှိ ထိုင်းနိုင်ငံတွင်းမှာ မြန်မာနိုင်ငံသားတွေ ၇ သန်းနီးပါး ပုံစံမျိုးစုံနဲ့ နေထိုင် လုပ်ကိုင်နေကြပြီး၊ နိုင်ငံရေးအရ တိမ်းရှောင်လာတဲ့ CDM ဝန်ထမ်းတွေ၊ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာသူတွေနဲ့ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ရွှေ့ပြောင်းအခြေချသူတွေ ပိုများလာပါတယ်။
ဇွဲသစ်


