
ထိုင်းနိုင်ငံ ဘန်ကောက် ဘန်နားနယ်မြေက မြေအောက်ကေဘယ်လ်လျှပ်စစ်ကြိုးလိုင်းသွယ် တန်းရေး လုပ်ငန်းခွင်မှာ ဖေဖော်ဝါရီ ၄ ရက်ညက မြေကျွံမှုဖြစ်ပွားပြီး မြန်မာရွှေ့ပြောင်း လုပ်သားတယောက် သေဆုံးခဲ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မနေ့ည ၁၁ နာရီကျော်က ဆောက်လုပ်ရေးလုပ်သားတွေဟာ ဘန်နား နဲ့ ဆုခိုဝစ်လမ်းသွယ် ၇ ကြား မြေအောက်ကေဘယ်လ်ကြိုးချပြီး သွယ်တန်းဖို့ ကွန်ကရစ်ချပ်ပြားကြီးကို ဦးစွာဖယ်ရှားလိုက်တယ်၊ အဲဒီနောက် ဘက်ဟိုးကားနဲ့ မြေတူးလိုက်တယ်၊ အနက် ၁၀ မီတာခန့် တူးပြီးတဲ့အခါ မြန်မာလုပ်သားက ကြမ်းပြင်အောက်ကမြေကိုညှိဖို့ ဆင်းသွားပါတယ်၊ သူဆင်းသွားပြီး မကြာခင်မှာ အပေါ်ကမြေတွေ အောက်ကို ကျွံကျလာတယ်၊ အလုပ်သမားတွေက သူ့ကိုကူညီဖို့ ကြိုးစားပေမဲ့ မအောင်မြင်ဘူး၊ အဲဒီနောက် ကယ်ဆယ်ရေးလုပ်သားက လှေခါးနဲ့ အောက်ကို ဆင်းပြီး ကရိန်း (ဝန်ချီစက်) နဲ့ သူ့ကို အပေါ်ပြန်တင်တယ်၊ အချိန် ၁ နာရီကျော်ကြာ ခက်ခဲစွာ ကယ်ဆယ်ပေမဲ့ အလုပ်သမားက အသက်မရှင်တော့ပါဘူး။
သေဆုံးသူမှာ အသက် ၂၂ နှစ်အရွယ် ဝေယံလင်း (ထိုင်းအသံထွက်) ဆိုသူဖြစ်ပြီး ဝိဇဝကွဏ်းယိုးထင်း ဆောက်လုပ်ရေးကုမ္ပဏီတခုရဲ့ တရားဝင်အလုပ်သမားဖြစ်တယ်၊ အလုပ်ဝင် တာ ၂ လခန့်သာရှိသေးပြီး မြေအောက်ကေဘယ်လ်ကြိုးလိုင်းလုပ်ငန်းခွင်ကတော့ နေ့စဉ် ည ၁၀ နာရီမှ မနက် ၅ နာရီထိ ဆောင်ရွက်တယ်လို့ ဆိုပါတယ်။
လုပ်ငန်းခွင်မတော်တဆဖြစ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက ကန်ထရိုက်တာ၊ အလုပ်ကြီးကြပ်သူနဲ့ အလုပ်သမားတွေကို ခေါ်ယူစစ်ဆေးနေပြီး သေဆုံးသူ မြန်မာ အလုပ်သမားအနေနနဲ့ အလုပ်သမားဥပဒေအရ ရသင့်ရထိုက်တဲ့ လျော်ကြေးတွေအပြင် ကုမ္ပဏီကလည်း နစ်နာကြေးတွေ ထပ်မံထောက်ပံ့ပေးသွားမယ်လို့ ကုမ္ပဏီတာဝန်ရှိသူက ချနယ်လ် ၃ တီဗွီသတင်းမှာ ပြောသွားပါတယ်။
Source - CH3 TV News / JoCho News


