
ထိုင်းနိုင်ငံ ဘန်ကောက် ဆွန်လုံနယ်မြေ ဟွေ့မာက်ရပ်ကွက်ထဲမှာ လျှပ်စစ်ဝိုင်ယာကြိုးတွေ လိုက် လံခိုးဖြတ်ရောင်းစားနေတဲ့ မြန်မာတယောက် ဖေဖော်ဝါရီ ၂ ရက်ညက ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီမတိုင်ခင်က နန်းပရီဒါဖွန်း (၆၄ နှစ်) ဆိုသူ ထိုင်းအမျိုးသမီးတယောက်ဟာ သူ့အိမ်က လျှပ်စစ်မီးပြတ်တောက်သွားတယ်၊ အကြောင်းရင်းမှာ မြေအောက်မှာသွယ်တန်းတဲ့ လျှပ်စစ်မီးကြိုး တွေ ဖြတ်တောက်ခိုးယူခံရတာဖြစ်လို့ ဟွေ့မာက်ရဲစခန်းကို အကြောင်းကြားခဲ့ပါတယ်။
အလားတူ ရပ်ကွက်ထဲကလူတွေကလည်း ညအချိန်မတော် အိမ်ဖောက်ထွင်းခံရတာ၊ အဲယားကွန်း ပိုက်လုံးတွေ၊ လျှပ်စစ်မီးကြိုးတွေ အခိုးခံရတာရှိတယ်၊ ဒါကြောင့် နေထိုင်ရတာ လုံခြုံမှုမရှိလို့ ထိတ်လန့်နေရကြောင်း ရဲစခန်းကို တိုင်ကြားထားတာရှိပါတယ်။
ဒါကြောင့် ရဲတပ်ဖွဲ့ဝင်တွေက နန်းပရီဒါဖွန်းအိမ်နားက စီစီကင်မရာတွေကနေတဆင့် သူခိုးကို စုံစမ်းခဲ့ တယ်။ သူခိုးလို့ သံသယရှိသူမှာ ဆွန်လုံနယ်မြေ ဆီရီနတ်ခလင်း လမ်းသွယ် ၉ ရှိ တိုက်ခန်းတခုမှာ ငှါးနေကြောင်း သိရလို့ ဖေဖော်ဝါရီ ၂ ရက်ည ၈ နာရီခွဲချိန်မှာ သွားရောက် စစ်ဆေးခဲ့ပါတယ်။
အခန်းမှာနေထိုင်တဲ့ အသက် ၂၉ နှစ်ရွယ် မြတ်သူ ဆိုသူ မြန်မာရွှေ့ပြောင်းတယောက်ဟာ မျက်စိမျက်နှာ ပျက်နေပြီး တာဝန်ရှိသူတွေက သူ့အခန်းကို မွှေနှောက်ရှာဖွေရာမှာတော့ ဝိုင်ယာကြိုးဖြတ် ကိရိယာ ပလာယာ၊ ကပ်ကြေး စတာတွေအပြင် ခိုးရာပါပစ္စည်းတွေဖြစ်တဲ့ လျှပ်စစ်ကြိုးခွေ၊ အဲယားကွန်းပိုက်လုံးတွေ ထည့်ထားတဲ့ သေတ္တာတလုံး၊ ပျောက်ဆုံးနေတဲ့ ဘဏ်တံဆိပ်ပါ အိတ်တလုံး၊ ရေကူးဝတ်စုံ၊ ခေါင်းအုံး အစရှိတဲ့ ခိုးရာပါပစ္စည်းတွေနဲ့ ကျူးလွန်စဉ် ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားတွေပါ သက်သေအဖြစ် ဖမ်းဆီးရမိခဲ့တာလို့ ဆိုပါတယေ။
သူဟာ ဒီမတိုင်ခင်က လူသူမရှိတဲ့ အဆောက်အအုံတွေထဲကနေလည်း လျှပ်စစ်မီးကြိုးတွေ ဖြတ်မိတယ်လို့ ဝန်ခံတယ်၊ ပြီးတော့ ဖရလမ်းကောက် - ၅၉ လမ်းထဲက အဟောင်းပစ္စည်းဆိုင်မှာ သွားရောင်းခဲ့တယ်၊ ဒီလိုကျူးလွန်မှုကို ၅ ကြိမ်တိုင် ပြုလုပ်မိတယ်လို့ ပြောပါတယ်။
တာဝန်ရှိသူတွေက သူ့ကို ညအချိန်မတော် ဖောက်ထွင်းမှု အများပြည်သူပိုင်ပစ္စည်း ခိုးမှုတွေနဲ့ အမှု ဖွင့်အရေးယူသွားမယ်လို့ သတင်းမှာဖော်ပြပါတယ်။
Source : Khaosod News


