
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းအလုပ်သမားတွေကို MoU စနစ်အောက် ထည့်သွင်း ဆောင်ရွက်လာတာကြောင့် အခြေခံအလုပ်သမားတွေအတွက် အလုပ်ရှင်နဲ့ အလုပ်အကိုင် ပြောင်းလဲဖို့ ပိုခက်ခဲလာတယ်လို့ အလုပ်သမားတွေနဲ့ အလုပ်သမားအရေး ကူညီပေးသူတွေက ပြောပါတယ်။
MoU စနစ်ဟာ မြန်မာနဲ့ ထိုင်း ၂ နိုင်ငံ အစိုးရချင်း သဘောတူညီချက်အောက်ကနေ တရားဝင် စာချုပ်ချုပ်ပြီး အလုပ်သမားတွေကို ပို့ဆောင်လုပ်ကိုင်စေတဲ့ စနစ်ဖြစ်ပါတယ်။
MoU စနစ်အရ လူမှုဖူလုံရေး (ပကန်စခွန်) မဖြစ်မနေ ထည့်သွင်းရတာ၊ အလုပ်လုပ်ခွင့် စာရွက်စာတမ်း အတည်ပြုရှိနေတာစတဲ့ အကျိုးရှိတဲ့အပိုင်းတွေရှိပေမဲ့ လက်တွေ့မှာတော့ အလုပ်ပြောင်းဖို့ အတားအဆီးတွေ များလာတယ်လို့ ဆိုပါတယ်။
WAG အလုပ်သမား ကူညီရေးအဖွဲ့ မှ ကိုမုန်တိုင်းက “အဓိက MoU စနစ်ထဲ သွင်းလိုက်တာက ကောင်းတဲ့အပိုင်းက ပကန်စခွန် (လူမှုဖူလုံရေး) အပိုင်းက ကောင်းသွားတယ်။ ပကန်စခွန်းက မဖြစ်မနေ လုပ်ရမယ်။ ဒါပေမဲ့ စစ်ကောင်စီဘက်က ပြန်ကြည့်ရင် MoU စနစ်က ရွှေ့ပြောင်းလုပ်သားတွေအပေါ်မှာ ရွှေ့ပြောင်းဖို့ အလုပ်ပြောင်းဖို့ကျ အရမ်းခက်ခဲတယ်။ ဘာလို့လဲဆိုတော့ အလုပ်ဆိုတာက တနေရာနဲ့ တနေရာ ရွှေ့ပြောင်းဖို့ကျ အဆင်မပြေဘူးပေါ့။ အလုပ်က ကောင်းတဲ့အလုပ်ရှိတယ်၊ မကောင်းတဲ့အလုပ် ရှိတယ်။ အဲဒီတော့ အလုပ်သမားတွေက ပြောင်းရွှေ့ချင်တယ်။ ရွှေ့ပြောင်းမယ်ဆိုရင် သူဌေးက ကျန့်အော် (အလုပ်ထွက်ကြောင်း တရားဝင်စာ) ပေးမှသာ ရွှေ့ပြောင်းလို့ ရမယ်။ ကျန့်အော် မပေးရင် တခြားအလုပ်ကို သွားလို့ မရတော့ဘူး။ အဲဒါကြောင့် ဒီ MoU စနစ်က အလုပ်သမားတွေက အလုပ်ပြောင်းဖို့ ခက်ခဲလာတဲ့ အပိုင်းမှာ ရှိနေတယ်”လို့ ပြောပါတယ်။
MoU အလုပ်သမားတွေအနေနဲ့ အလုပ်ပါမစ် စာရွက်စာတမ်း ပြည့်စုံနေရင်တောင် စက်ရုံဘက်က ထုတ်ပေးတဲ့ အလုပ်ထွက်ကြောင်း တရားဝင်စာမရှိရင် အလုပ်အသစ်လျှောက်လို့ မရဘူးလို့ ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ စက်ရုံအလုပ်သမားတယောက်က ပြောပါတယ်။
“ကျနော်တို့ အလုပ်သမားတွေအနေနဲ့ MoU အလုပ်သမားတွေဆိုရင် စာရွက်စာတမ်း ရှိနေရင်တောင် စက်ရုံကထုတ်ပေးတဲ့ ကျန့်အော် (အလုပ်ထွက်ကြောင်း တရားဝင်စာ) မရှိရင် အလုပ် စမတ်လို့ မရဘူး။ ဘယ်လို အခြေအနေလဲဆိုတော့ သူဌေးကနေ ကျနော်တို့ကို အလုပ်လုပ်ခွင့် ကျန့်အော် ထုတ်မပေးရင် ဘယ်စက်ရုံမှ အလုပ်သွားလျှောက်လို့ မရဘူး။ ကျနော်တို့ အနေနဲ့ သွားလျှောက်ရင်လည်း ဒါက တရားမဝင်ဖြစ်ပြီး သူတို့အနေနဲ့ ထုတ်ချင်တဲ့အချိန် ထုတ်လို့ရတယ်။”
မြန်မာနိုင်ငံကနေ MoU စနစ်နဲ့ လာရောက်လုပ်ကိုင်တဲ့ အလုပ်သမားတွေအနေနဲ့လည်း လုပ်ငန်းခွင်တွင်းမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရတာ၊ အိုတီ ပုံမှန် မရှိတာတွေလည်း ကြုံနေရပါတယ်။
အဲဒီလို လုပ်ငန်းခွင် အဆင်မပြေမှုတွေ ကြုံလာတဲ့အခါ အလုပ်ပြောင်းလို့ မရဘဲ အလုပ်ပြောင်းရင် ဒဏ်ကြေး ဘတ် ၁၂,၀၀၀ လောက်ထိ ပေးနေရတယ်လို့ ဆိုပါတယ်။
MoU အလုပ်သမား ကိုပိုင်က “ကျနော်တို့က မြန်မာပြည်ကနေ လာတဲ့ MoU တွေ ဖြစ်တယ်။ တချို့ အလုပ်တွေက လုပ်ငန်းပိုင်းတွေက ပြီးတော့မယ်။ တချို့အလုပ်တွေကလည်း အိုတီတွေ မရှိတော့ မကောင်းရင် ကျနော်တို့က ရွှေ့ပြောင်းလို့လည်း မရဘူး။ MoU စာချုပ်ဆိုတာနဲ့ ချုပ်ကိုင်ထားတယ်။ အလုပ်ပြောင်းမယ်ဆိုလည်း ပေးမပြောင်းဘူး။ တကယ်လို့ စာချုပ် မပြည့်ဘဲ ပြောင်းမယ်ဆိုလည်း ဒဏ်ရိုက်တာမျိုး ခံရတယ်”လို့ ပြောပါတယ်။
အလုပ်သမားကူညီရေးအဖွဲ့တွေရဲ့ ပြောပြချက်အရ MoU စနစ်အောက်မှာ အလုပ်ရှင် ပြောင်းလိုပါက သတ်မှတ်ကာလအတွင်း အလုပ်ရှင်ရဲ့ ခွင့်ပြုစာလိုအပ်ပြီး၊ စာချုပ်ကာလ မပြည့်ခင် ထွက်ခွာပါက ဒဏ်ကြေး သို့မဟုတ် စာချုပ်ဖျက်သိမ်းမှု ပြဿနာတွေ ကြုံနေရတယ်လို့ ဆိုပါတယ်။
ထိုင်း နိုင်ငံခြားအလုပ်သမားများ စီမံခန့်ခွဲရေးရုံးရဲ့ စာရင်းတွေအရ ထိုင်းနိုင်ငံမှာ စုစုပေါင်း မြန်မာလုပ်သား ၂ ဒသမ ၉ သန်းကျော်၊ သက်တမ်းတိုး ဆောင်ရွက်ဆဲ ၁ ဒဿမ ၈ သန်းကျော်နဲ့ MoU နဲ့ လာရောက်သူ ၂၃၀,၀၀၀ ကျော် ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဇွဲသစ်


