Home
နိုင်ငံတကာ
Snapchat ရုံးချုပ်ရှေ့ မိဘများ ဆန္ဒပြ 
DVB
·
February 14, 2026
Photo :Reuters

အမေရိကန် နိုင်ငံ၊ ဆန်တာမိုနီကာ မြို့ရှိ Snapchat လူမှုမီဒီယာရုံးချုပ်ရှေ့မှာ ဖေဖော်ဝါရီ ၁၂ ရက်က မိဘတွေ စုရုံးဆန္ဒပြခဲ့ကြပြီး လူမှုမီဒီယာပလက်ဖောင်းတွေကြောင့် သူတို့ရဲ့ကလေးတွေ သေဆုံးခဲ့ရတယ်လို့ စွပ်စွဲကာ ကာကွယ်ရေးစနစ်တွေ အခိုင်အမာထည့်သွင်းပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆန္ဒပြပွဲမှာ ပါဝင်ခဲ့တဲ့ မိဘတယောက်ဖြစ်သူ တော့ဒ် မိုင်နာ က “Blackout Challenge” လို့ခေါ်တဲ့ ဆိုရှယ်မီဒီယာပေါ်က စိန်ခေါ်မှုတခုကြောင့် အသက် ၁၂ နှစ်အရွယ် သူ့သားလေး သေဆုံးခဲ့ရပုံကို ရင်နင့်ဖွယ် ပြောပြခဲ့ပါတယ်။ 

အက်ပ်တွေရဲ့ အန္တရာယ်ရှိတဲ့ အလ်ဂိုရစ်သမ်တွေက ကလေးတွေကို မသင့်တော်တဲ့ အရာတွေဆီ တွန်းပို့ နေတယ်လို့လည်း သူက ဆိုပါတယ်။

ဒီဆန္ဒပြပွဲဟာ လူမှုမီဒီယာနဲ့ နည်းပညာကုမ္ပဏီကြီးတွေကို ဦးတည်ထားတဲ့ အထင်ကရ ရုံးတင် စစ်ဆေးမှုတခုအဖြစ် အခုတပတ် လော့စ်အိန်ဂျလိစ်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေထဲက တခု ဖြစ်ပါတယ်။

လက်ရှိမှာ အသက် ၂၀ အရွယ် ကယ်လေ ဂျီအမ် အမည်ရှိ အမျိုးသမီးတယောက်က Meta Platforms နဲ့ Google နည်းပညာကုမ္ပဏီတွေကို တရားစွဲဆိုထားတဲ့အမှုက အရှိန်မြင့်နေပါတယ်။

ကယ်လေဟာ အက်ပ်တွေရဲ့ စွဲလမ်းစေသော ဒီဇိုင်းကြောင့် ငယ်ကတည်းက လူမှုမီဒီယာကို စွဲလမ်း ခဲ့ရတယ်လို့ သူ့ရှေ့နေ မာ့ခ် လာနီယာ က ဂျူရီလူကြီးတွေကို ပြောပါတယ်။

တရားလိုရှေ့နေတွေက ကုမ္ပဏီအတွင်းပိုင်း စာရွက်စာတမ်းတွေကို ကိုးကားပြီး နည်းပညာ ကုမ္ပဏီကြီးတွေဟာ ကလေးတွေရဲ့ ဦးနှောက်ကို စွဲလမ်းစေမယ့် စက်ယန္တရားတွေကို ရည်ရွယ်ချက် ရှိရှိ တည်ဆောက်ခဲ့တာကြောင့် အသက်အန္တရာယ်အထိ ထိခိုက်စေနိုင်တယ်လို့ ပြင်းပြင်းထန်ထန် စွပ်စွဲထားပါတယ်။

တဖက်မှာတော့ Meta ရဲ့ ရှေ့နေတွေက ကယ်လေရဲ့ ကျန်းမာရေးမှတ်တမ်းတွေမှာ နှုတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ အလွဲသုံးစားပြုမှု သမိုင်းကြောင်းနဲ့ မိသားစုအတွင်း ဆက်ဆံရေးပြဿနာတွေ ရှိခဲ့တာကို ထုတ်ပြောပြီး ကလေးငယ်ရဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဟာ ဆိုရှယ်မီဒီယာကြောင့်တင် မဟုတ်ဘဲ မိသားစုတွင်း ပြဿနာတွေကြောင့်လည်း ဖြစ်နိုင်တယ်လို့ တုံ့ပြန်ချေပခဲ့ပါတယ်။

ကယ်လီဖိုးနီးယားမှာ Google၊ Meta၊ Tik Tok နဲ့ Snapchat ကုမ္ပဏီတွေဟာ တရားစွဲဆိုမှုပေါင်း ထောင်ချီကို ရင်ဆိုင်နေရပြီး Tik Tok နဲ့ Snapchat ကုမ္ပဏီတို့ကတော့ အမှု မရင်ဆိုင်ခင် တရားလိုနဲ့ ကြိုတင်ညှိနှိုင်း ဖြေရှင်းခဲ့တာကြောင့် လက်ရှိမှာ Meta နဲ့ Google တို့ပဲ အဓိက တရားရင်ဆိုင် နေရတာဖြစ်ပါတယ်။ 

ကုမ္ပဏီ ၂ ခုစလုံးကတော့ စွပ်စွဲချက်တွေကို ငြင်းဆိုထားပါတယ်။ Meta ပိုင်ရှင် မာ့ခ် ဇူကာဘာ့ဂ်ကိုလည်း သက်သေခံအဖြစ် ခေါ်ယူနိုင်ကြောင်း သိရပြီး အမှုဟာ မတ်လအထိ ဆက်လက်ကြာမြင့်နိုင်ပါတယ်။

ဒီအမှုရဲ့ ရလဒ်ဟာ အမေရိကန် နည်းပညာလုပ်ငန်းစုတွေအတွက် အကြီးမားဆုံး စိန်ခေါ်မှုတခု ဖြစ်လာနိုင်ပြီး ကုမ္ပဏီတွေ ရှုံးနိမ့်ခဲ့ရင် အလားတူအမှုတွေ အများအပြားအတွက် လမ်းပွင့် သွားနိုင်ပါတယ်။

အမေရိကန်မှာ ဆန္ဒပြမှုတွေနဲ့ တရားစွဲဆိုမှုလှိုင်းဟာ ကလေးတွေရဲ့ စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး လူမှုမီဒီယာပလက်ဖောင်းများအပေါ် ကမ္ဘာလုံးဆိုင်ရာ တုံ့ပြန်မှုရဲ့ တစိတ်တပိုင်းဖြစ်ပြီး လက်ရှိမှာ ဩစတြေးလျ နဲ့ စပိန်တို့လို နိုင်ငံတွေက အသက် ၁၆ နှစ်အောက် ဆိုရှယ်မီဒီယာအသုံးပြုမှုကို စတင်ပိတ်ပင်နေပြီဖြစ်ပါတယ်။

Source:Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013