Home
မြန်မာသတင်း
လူသေဆုံး ဒဏ်ရာရခဲ့သည့် ကျောင်းတွင်းရန်ပွဲများကြောင့် မိဘများ စိုးရိမ်
DVB
·
February 6, 2026

မြန်မာပြည်တွင်း အခြေခံပညာကျောင်းတွေမှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အချင်းချင်းဖြစ်ကြတဲ့ ကျောင်းတွင်း ရန်ပွဲတွေမှာ လူသေစေတဲ့ထိ ထိခိုက်ခဲ့ရတဲ့ဖြစ်စဉ်တွေ ရှိခဲ့တာကြောင့် ကျောင်းသားမိဘတွေကြားမှာ စိုးရိမ်ပူပန်နေကြပါတယ်။

အခြေခံပညာကျောင်းတွေမှာ ကျောင်းသားတွေအချင်းချင်း ခိုက်ရန်ဖြစ်ပွားရာကနေ ကျောင်းသားတွေ အသက်သေဆုံးတဲ့အထိ ဖြစ်ကြတဲ့ ရန်ပွဲတွေ ရှိလာတဲ့အတွက် မိဘတွေအနေနဲ့ ကိုယ့်ကလေးတွေကို ကျောင်းပို့ဖို့ စိတ်ပူနေကြပြီး အသက်အန္တရာယ် ထိခိုက်လာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ရန်ကုန်တိုင်း၊ ခရမ်းမြို့နယ်ထဲက အထက်တန်းကျောင်းတကျောင်းမှာ ကျောင်းဖွင့်တဲ့ရာသီအစမှာပဲ ကလေးချင်းရန်ဖြစ်ပြီး ဆေးရုံတက်ရတဲ့အထိ ထိခိုက်မှုရှိခဲ့လို့ ကိုယ့်သားသမီးကို စိတ်ပူနေရကြောင်း မိဘတယောက်က ပြောပါတယ်။

“သမီးတို့ကျောင်းမှာလည်း ကလေးအချင်းချင်း ဖြစ်သွားသေးတယ်၊ သေတဲ့အထိတော့ မဖြစ်သွားဘူး။ ကလေးလေးတွေပဲ၊ ကျောင်းသားတွေအချင်းချင်း ရန်ဖြစ်တာ ဆေးရုံတက်လိုက်ရတဲ့အထိတော့ ဖြစ်သွားတယ်။ ကလေးတွေကိုဆိုလည်း မှာရတယ်၊ သမီးရေ ကျောင်းမှာ ရန်မဖြစ်နဲ့၊ သူငယ်ချင်းတွေနဲ့ အဆင်ပြေအောင်နေ၊ ကျောင်းမှာဆို ကလေးတွေက တအားလွတ်လပ်တာ၊ ဘာညာတွေ အချွန်အတက်ပါတာတွေဆိုလည်း ယူမသွားဖို့ မှာရတယ်။ ကျောင်းလွှတ်ရတာ ကိုယ့်မှာ ကလေးတွေရဲ့ လုံခြုံမှုကို စိုးရိမ်နေရတယ်။ ဆရာမတွေကလည်း သေသေချာချာ အုပ်ထိန်းမှုကလည်း မရှိတော့ ကလေးတွေက တအားလွတ်လပ်ပြီးတော့ လုပ်ချင်တာတွေလုပ်၊ ဖြစ်ချင်တာတွေဖြစ်ဆိုတော့ တအားကိုစိတ်ပူရတယ်။”

၂၀၂၆ ခု ဇန်နဝါရီလထဲမှာ ရွှေပြည်သာမြို့နယ်ထဲက အထကကျောင်းတခုမှာ အလယ်တန်း ကျောင်းသားတွေ အချင်းချင်း ခိုက်ရန်ဖြစ်ပွားရာကနေ ၇ တန်းကျောင်းသားတယောက် သေဆုံးခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ တာဝန်ကျ ဆရာ၊ ဆရာမတွေရဲ့ ပေါ့လျော့မှုနဲ့ တာဝန်ယူမှု မရှိတဲ့အတွက် မိဘတွေက ပိုပြီး စိုးရိမ်ပူပန်နေကြတာပါ။

အခြေခံပညာကျောင်းတွေမှာ ကျောင်းစအပ်တဲ့အချိန်မှာပဲ ကျောင်းသားအချင်းချင်း ရန်မဖြစ်ဖို့ မှာကြားထားပြီး ဆရာ၊ ဆရာမတွေ အနေနဲ့ စာသင်ခန်းအတွင်းမှာလည်း ကျောင်းသားတွေကို အချင်းချင်းရန်ဖြစ်ရင် ခံဝန်ထိုးရမှာ ဖြစ်ကြောင်း၊ ထိခိုက်မှုတွေရှိလာရင် ကျောင်းထုတ်ခံရမှာ ဖြစ်ကြောင်းနဲ့ ဘယ်လိုအကြောင်းကြောင်းနဲ့မှ ကျောင်းပြန်တက်ခွင့်ရမှာ မဟုတ်ကြောင်းတွေ အသိပေးပြောဆိုတာ၊ မိဘဆရာ အစည်းအဝေးတွေခေါ်တာ ပြောဆိုသတိပေးထားကြောင်းလည်း အခြေခံကျောင်းရဲ့ သင်ကြားရေး ဆရာ ဆရာမတွေဆီက သိရပါတယ်။

တောင်ဒဂုံမြို့နယ်မှာ အထက်တန်းတက်ရောက်နေတဲ့ ကျောင်းသားတယောက်ရဲ့ မိခင်ဖြစ်သူကလည်း ကလေးချင်းရန်ပွဲကြောင့် ထိခိုက်လာမှာကို စိတ်ပူပန်နေရကြောင်း ပြောပါတယ်။

“ဆရာမတွေက အစည်းအဝေး တခါခေါ်တယ် မိဘတွေကို၊ ကျောင်းသားတွေရန်ဖြစ်ရင် ခံဝန်ကတိထိုးပြီးတော့ ကျောင်းကိုနားခိုင်းလိုက်တယ်၊ ပြန်တက်လို့မရတော့ဘူးဆိုပြီး ပြောတယ်။ အခုခေတ်က ဘယ်လိုလဲဆိုတော့ ကလေးတွေကလည်း ထိုးမယ် ကြိတ်မယ် ချမယ်ဆိုတာချည်းပဲ။ မိန်းကလေးတွေလည်း မိန်းကလေးအလျောက်ပဲ၊ ကျောင်းတွေမှာ အဲဒီလိုမျိုးတွေရှိတယ်။ ကျောင်းတွေမှာလည်း ချိန်းပြီးတော့ကို ဖြစ်နေကြတာ။ ကိုယ့်သားသမီးကို ကျောင်းလွှတ်တဲ့အခါ ရန်မဖြစ်ဖို့ပေါ့၊ ရန်ဖြစ်တဲ့ပွဲတွေဆို ဝင်မပါဖို့၊ မိန်းကလေးဖြစ်ဖြစ် ယောကျ်ားလေးပဲဖြစ်ဖြစ် သူ့ကို ဆုံးမပြီး လွှတ်ရတာပေါ့။ တချို့ ဆရာမတွေလည်း ကိုယ့်သားသမီးလိုမျိုး ထိန်းကျောင်းတဲ့ ဆရာမတွေတော့ ရှိပါတယ်။”

၂၀၂၅ ခုနှစ် သြဂုတ်လတုန်းကလည်း လှည်းကူးမြို့နယ်မှာ ကျောင်းသားအချင်းချင်း ချိန်းပွဲနဲ့ ရန်ဖြစ်ရာမှာ ဒဏ်ရာရသူ ၂ ယောက် ရှိခဲ့ပါတယ်။

ဒါ့အပြင် ၂၀၂၂ ခုနှစ်ကနေ ၂၀၂၄ ပညာသင်နှစ်အတွင်း ရန်ကုန်တိုင်း တောင်ဒဂုံ၊ သန်လျင်၊ မြောက်ဥက္ကလာ၊ ရွှေပေါက်ကံမြို့က စာသင်ကျောင်းတွေမှာ အုပ်စုဖွဲ့အနိုင်ကျင့်မှုတွေနဲ့ အုပ်စုဖွဲ့ ရန်ပွဲတွေကြောင့် ကျောင်းသား ၂  ယောက် သေဆုံးကာ၊  ၆ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013