
KIA က တကျော့ပြန်ထိုးစစ်ဆင်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဆက်လက်ပြင်းထန်းနေပြီး စစ်သားတချို့လည်း အလင်းဝင်လာတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်နေ့ကစတင်ပြီး ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ကျန်ရှိနေတဲ့ စစ်တပ်စခန်းတွေကို KIA ပူးပေါင်းတပ်တွေက ထပ်ပြီးထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာပါ။
ကချင်လွတ်လပ်ရေးတပ်မတော် KIA က စစ်ကောင်စီ အခိုင်အမာတပ်စွဲထားတဲ့ စကခ ၂၁၊ ခလရ ၄၇ တပ်ရင်း၊ ထောက်ပို့တပ် ၉၃၃ စတဲ့ အရေးပါတဲ့ တပ်ရင်းနေရာတွေကို စစ်ရှိန်မြှင့်တင်ပြီး တပြိုင်နက် တိုက်ပွဲဖော်ဆောင်လိုက်တာဖြစ်ပြီး တဆက်လက်ပြင်းထန်နေတာ ဖြစ်ပါတယ်။
KIA ဘက်က ထိုးစစ်ဖော်ဆောင်လိုက်တာကြောင့် နေ့တိုင်းတိုက်ပွဲပြင်းထန်နေပြီး မြို့ပတ်ပတ်လည်မှာ တိုက်ပွဲသံတွေ ကြားရတယ်လို့ ဗန်းမော်ပတ်ဝန်းကျင်မှာ တိမ်းရှောင်နေတဲ့ ဒေသခံတယောက်က ပြောပါတယ်။
“ဗန်းမော်ကတော့ တိုက်ပွဲနေ့တိုင်းပြန်ဖြစ်နေတဲ့ အခြေအနေဟုတ်တယ်။ KIA ဘက်ကတော့ ထိုးတော့ တိုက်ပွဲကတော့ နေရာတိုင်းမှာ ဗန်းမော်မြို့ပတ်ဝန်းကျင် နှစ်ဖက် ပစ်ခတ်တာတွေရှိတယ်။ မိုးမောက်သွားတဲ့ဘက် ၅ မိုင်ဘက်တွေမှာကော ၄၇ ပတ်ဝန်းကျင်ရော မြို့ပတ်ပတ်လည် ပတ်ဝန်းကျင်မှာ တိုက်ပွဲဖြစ်တဲ့အသံတွေ ကြားနေရတယ်။ အဓိကတော့ KIA ဘက်က ပြန်ပြီး ထိုးစစ်ဆင်နေတဲ့ အနေအထားပေါ့။ ထိုးစစ်ဆင်တဲ့ အနေအထားဆိုတော့ တိုက်ပွဲကတော့ နေ့တိုင်းရှိနေတယ်”
ဗန်းမော်မြို့သိမ်းတိုက်ပွဲ အောင်နိုင်ရေးအတွက် KIA နဲ့ PDF ပူးပေါင်းတပ်တွေက စစ်ရေးကာလ ၁ နှစ်ပြည့်သွားတဲ့ ဒီဇင်ဘာလထဲမှာ တကျော့ပြန်ထိုးစစ် ပြန်လည်ဆင်နွှဲလိုက်တာဖြစ်ပြီး ဗန်းမော်မြို့ကို အခိုင်အမာ ကာကွယ်ပေးထားတဲ့ စီအင်ကျေးရွာက စစ်တပ်ရဲ့ ၅ မိုင် ကာကင်းစခန်းကို KIA ပူးပေါင်းတပ်တွေက ဇန်နဝါရီ ၁၅ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး လက်နက်ချ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၂၀ လောက် ရှိခဲ့ပါတယ်။
တိုက်ပွဲကာလ တနှစ်ကျော်ကြာမြင့်လာတဲ့ ဗန်းမော်မှာ နေ့တိုင်းလိုလို နှစ်ဖက်တပ်အပြန်အလှန် သိမ်းလိုက်၊ ပြန်လက်လွှတ်လိုက်နဲ့ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ KIA ရှေ့တန်း သတင်းရင်းမြစ်တွေက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်တပ်ဘက်က လက်နက်ချ အလင်းဝင်လာသူတွေရှိတယ်လို့လည်း ဆိုပါတယ်။
“ဒီရက်ပိုင်းတွေတော့ အရင်အခြေအနေထက်စာရင် လေယာဉ်နဲ့ လာတိုက်တာ နည်းနည်းလျော့သွားတဲ့ အခြေအနေရှိတယ်။ နောက်ပြီးတော့ စစ်ကောင်စီဘက်က တပ်သားတွေ အလင်းဝင်တာတွေရှိတယ်။ အများကြီးတော့ မဟုတ်ဘူး။ ဆယ်ဂဏန်းလောက် အလင်းဝင်လာတဲ့ စကစ တပ်သားတွေ ရှိတယ်”
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလထဲမှာ စတင်ဖြစ်ပွားခဲ့တဲ့ ဗန်းမော်တိုက်ပွဲဟာ ၂၀၂၅ နှစ်ဝက်ပိုင်းမှာ စစ်တပ်ရဲ့ အရေးပါတဲ့ နေရာတချို့ကို KIA က သိမ်းပိုက်ထားနိုင်ခဲ့သလို မြို့တွင်းနေရာအများအပြားကို ထိန်ချုပ်နိုင်ခဲ့တာပါ။
ဒါပေမဲ့ ဗန်းမော်ကို လက်မလွှတ်ရရေးအတွက် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လနောက်ပိုင်းကစလို့ စစ်တပ်က လေကြောင်း၊ ကုန်းကြောင်း စစ်အင်အားဖြည့်တင်းပြီး ထိုးစစ်ပြန်ဆင်တာကြောင့် ထိန်းချုပ်နေရာတချို့ကို ပြန်လည်လက်လွှတ်လိုက်ရတာဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီး ကချင်ပြည်နယ်ထဲမှာ KIA က ဖော်ဆောင် တိုက်ပွဲတွေထဲမှာ ဗန်းမော်မြို့သိမ်းတိုက်ပွဲက စစ်ရေးကာလအကြာမြင့်ဆုံးအဖြစ်ရှိလာခဲ့ပါတယ်။
ဟန်န


