Home
မြန်မာသတင်း
ဗန်းမော်တွင် ဗုံးထိမှန်ဒဏ်ရာရထားသည့် ၂ လသား ကလေးငယ် ဆေးကုစရိတ်လိုအပ်နေ
DVB
·
January 27, 2026
Photo: ဒေသခံ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်း၊ မံမလင်းကျေးရွာအုပ်စု၊ ထီးလင်း ကောင်ဂျာရွာက နာရေးအိမ်မှာ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လေယာဉ်ဗုံးစ ထိမှန်ဒဏ်ရာရထားတဲ့ ၂ လသားအရွယ် ကလေးငယ် နို့မှုန့်နဲ့ ဆေးကုသစရိတ် အခက်ကြုံနေကြောင်း ဒေသခံတွေဆီက သိရပါတယ်။

ကူညီပေးနေတဲ့ အမျိုးသမီးတယောက်က “၂ လသား ကလေးလေးကို ခေါင်းနဲ့ ပေါင်မှာ computer CT Scan လုပ်ရမယ်။ ဗုံးဆန် အစအန ရှိတယ်။ အနာတွေတော့ သိပ်မကျက်သေးဘူး။ အခု အကူအညီတွေလည်း နည်းနည်းလာကြပြီ” လို့ ပြောပါတယ်။

လေယာဉ်ဗုံးကြောင့် အဲဒီကလေးရဲ့ မိဘနှစ်ပါးလည်း သေဆုံးတဲ့အထဲ ပါသွားတယ်တယ်လို့ သူက ပြောပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေထဲမှာ အငယ်ဆုံးဖြစ်ပြီး မွေးချင်း မောင်နှမ ၇ ယောက်ရှိကာ လက်ရှိ လူနာစောင့်အဖြစ် ၁၅ နှစ်အရွယ် ဒုတိယအမနဲ့ ၄ နှစ်အရွယ် အစ်ကိုသာ စောင့်ရှောက်နေရပါတယ်။

ဒေသခံ အမျိုးသမီးတယောက်ကလည်း “သူနာပြုဆရာမတွေ ဝိုင်းကြည့်ပေးနေတယ်။ ဒါပေမဲ့ ကလေးအတွက် နို့မှုန့်တွေ၊ Diaper တွေရော အကူအညီ အရမ်းလိုနေတယ်” လို့ ပြောပါတယ်။

ကလေးက မျက်နှာတခုလုံး လေယာဉ်ဗုံးစ ထိမှန်ဒဏ်ရာရထားတာကြောင့် ရောင်ကိုင်းနေတာ တွေ့ခဲ့ပြီး ကလေးလေးအတွက် နေ့စဉ် အသုံးအဆောင်နဲ့ ဆေးဝါးဖိုးတွေက အကူအညီ လိုနေဆဲပဲလို့ သူက ပြောပါတယ်။

လေယာဉ်ဗုံးကြောင့် ထိခိုက်ဒဏ်ရာရ အမျိုးသမီး ၁၃ ယောက်၊ အမျိုးသား ၁၄ ယောက်၊ စုစုပေါင်း ၂၇ ယောက် ဆေးရုံတက်နေပြီး အဲဒီထဲမှာ ၇ နှစ်နဲ့အောက် ကလေးငယ် ၃‌ ယောက် ပါဝင်တယ်လို့ အကူအညီပေးနေသူတွေဆီက သိရပါတယ်။

လူနာ ၁၀ ယောက်က ထိခိုက်ဒဏ်ရာ ပြင်းထန်ပြီး ခွဲစိတ်ကုသရမှာ ဖြစ်ကာ လူနာတချို့ကတော့ operation ဝင်ဆဲ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

လေယာဉ် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ပြည်သူ ၁၈ ယောက် ပွဲချင်းပြီး သေဆုံးပြီး ဆေးရုံပို့ဆောင်ရာ လမ်းခုလတ်မှာ နောက်ထပ် ၃ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကူညီပေးသူတွေက ပြောပါတယ်။

ဒဏ်ရာပြင်းထန်သူတွေထဲက ဆေးရုံမှာ ကုသမှုခံယူနေချိန်မှာလည်း နောက်ထပ် ၂ ယောက် ထပ်မံသေဆုံးသွားတာကြောင့် စုစုပေါင်း သေဆုံးသူ ၂၃ ယောက် ရှိတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီခွဲခန့်က ဗန်းမော်မြို့ အနောက်ဘက်၊ ဧရာ၀တီမြစ်တဖက်ကမ်းရှိ ထီးလင်း ကောင်ဂျာရွာကို ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ် ပေါင် ၅၀၀ ဗုံး ၄ လုံး ကြဲချတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013