Home
မြန်မာသတင်း
လုပ်ခတိုးမြှင့်ရရှိရေး တောင်းဆိုမှုများကို  နည်းမျိုးစုံဖြင့် ခြိမ်းခြောက်
DVB
·
February 14, 2026

ရန်ကုန်တိုင်းအတွင်းက စက်ရုံအချို့မှာ လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုတာတွေ ရှိနေပေမဲ့ စက်ရုံဘက်က နည်းမျိုးစုံဖိအားပေး ခြိမ်းခြောက်မူတွေကြောင့် တောင်းဆိုမှုတွေ မအောင်မြင်ဘဲ အဆုံးသတ်သွားရတဲ့အခြေအနေ ကြုံတွေ့နေရတယ်လို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတွေဆီက သိရပါတယ်။

အခုနှစ်ရဲ့ ၁ လကျော်အတွင်းမှာ လုပ်ခတိုးပေးဖို့ တောင်းဆိုခဲ့တဲ့ စက်ရုံ ၁၀ ရုံထက်မနည်း ရှိခဲ့ပေမဲ့ တောင်းဆိုတဲ့အတိုင်း ရရှိတဲ့စက်ရုံ မတွေ့ရဘူးလို့ ပြည်တွင်းအခြေစိုက်အလုပ်သမားအရေး တက်ကြွကူညီနေသူတယောက်က ပြောပါတယ်။

“စက်ရုံတွေမှာ လုပ်ခလစာကိစ္စတောင်းဆိုမူ ဖြစ်ရပ်တွေအပေါ် မြင်တွေ့ရသလောက်ဆိုရင် ညှိနိူင်းတဲ့အဆင့်အထိတောင် မရောက်လိုက်ဘဲ အလုပ်သမားတွေ အရှုံးပေးလိုက်ရတာ တွေ့ရှိလာရတယ်။ တောင်းဆိုမှုအများစု မအောင်မြင်တဲ့ သဘောဖြစ်နေတာ။”

လုပ်ငန်းရှင်ဘက်က လုပ်ခတိုးတောင်းတဲ့ အလုပ်သမားတွေကို ပေးထား တဲ့ လုပ်အားခအတိုင်း မလုပ်နိုင်ရင် အလုပ်ရပ်ဆိုင်းမယ်ဆိုတဲ့ ဖိအားပေးအကျပ်ကိုင်တာ၊ စစ်တပ်နဲ့ရဲကို ခေါ်ပြီး အကြောက်တရားဝင်အောင် ခြိမ်းခြောက်တဲ့ နည်းလမ်းသုံးပြီး ဖြေရှင်းတာမျိုးတွေ လုပ်လာတာ ဖြစ်ပါတယ်။

အဲဒီလို လုပ်တဲ့အတွက် မူလတောင်းဆိုတဲ့ လုပ်သားတွေထဲက လုပ်ငန်းခွင်ထဲ တဖြည်းဖြည်းပြန်ဝင်သွားကာ အင်အားလျော့ နည်းသွားတဲ့အတွက် တောင်းဆိုမူကို အဆုံးသတ်လိုက်ရတာ များတယ်လို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တယောက်က ပြောပါတယ်။

“အကြောက်တရားကို နင်းပြီး ဖြေရှင်းတဲ့သဘောပြောရမှာ။ အားလုံးက အလျှော့မပေးဘူးဆိုရင် စက်ရုံဘက်က မနေနိုင်ပါဘူး။ ဒီကာလမှာ အလုပ်သမားတွေကို အပြစ်တင်လို့လည်းမရဘူး။"

အလုပ်သမားတွေရဲ့ လုပ်ခတိုးမြှင့်ပေးရေး တောင်းဆိုခဲ့တဲ့ မြစိမ်းရောင်စက်မူဇုန်ရှိ Golden & Five Myanmar အထည်ချုပ်ရုံက ရဲကားခေါ်ပြီး ခြိမ်းခြောက်တာ၊ လှိုင်သာယာစက်မူဇုန်ရှိ ETERNAL Fashion စက်ရုံက လုပ်ခတိုးမြှင့်ဖို့ တောင်းဆိုမှ ပိတ်သိမ်းလိုက်တာ၊ ဇေကမ္ဘာစက်မူဇုန်ရှိ Myanmar Little Flamingo အထည်ချုပ်စက်ရုံက လုပ်ခတိုးပေးဖို့ တောင်းဆိုတဲ့ အလုပ်သမားတွေကို အလုပ်ထုတ်မယ်ဆိုပြီး ဖိအားပေးတာစတဲ့ ဖြစ်ရပ်မျိုးတွေ ရှိနေတာလို့ အလုပ်သမားသမဂ္ဂအဖွဲ့ချုပ်တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ပြည်တွင်းက စက်ရုံအလုပ်သမားတွေမှာ ကုန်စျေးနူန်း​ကြီးမြင့်မှုနဲ့ လုပ်ခနည်းပါးမှုတို့ကြောင့် စားဝတ်နေရေး လုံလောက်ဖူလုံခြင်းမရှိတဲ့အတွက် လုပ်ခတိုးမြှင့်ပေးရေး တောင်းဆိုတာတွေ မကြာခဏလုပ်လာကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီး ၅ နှစ်အတွင်း အလုပ်သမားဝန်ကြီး ၅ ယောက်အထိ ပြောင်းလဲတာဝန်ယူခဲ့ပေမဲ့ အလုပ်သမားတွေရဲ့ ဖူလုံတဲ့ လုပ်ခရရှိရေးအတွက် ဖြေရှင်းဆောင်ရွက်ပေးခဲ့သူ တယောက်မှ မရှိခဲ့ဘူးလို့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေက ပြောဆိုထားပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013