Home
မြန်မာသတင်း
အိမ်မဲတွင် စစ်မှုထမ်းကြေးဖြတ်စားသည့် ကျေးရွာအုပ်ချုပ်ရေးမှူး စစ်ဆေးခံနေရ
DVB
·
February 13, 2026
Photos - KH

ဧရာဝတီတိုင်း၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်၊ လူကောင်းကျွန်းကျေးရွာ အုပ်အုပ်ချုပ်ရေးမှူးဟာ စစ်မှုထမ်းထောက်ပံ့ကြေးကို ကိုယ်ကျိုးအသုံးပြုတဲ့ ကိစ္စအပါအဝင်အမှု ၅ ခု လောက်နဲ့ စစ်ဆေးခံ နေရတယ်လို့ အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ပထမ အပတ်က စတင်ပြီး အိမ်မဲမြို့နယ်၊ လူကောင်းကျွန်းကျေးရွာက စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ပြုံးချိုကို စစ်မှုထမ်းအပတ်စဉ် ၂ ကနေ ၂၀ အထိ စစ်မှုထမ်း ထောက်ပံ့ကြေး ကိုယ်ကျိုးအတွက် အသုံးပြုတဲ့ကိစ္စအပါအဝင် အမှု ၅ ခုလောက်နဲ့ စစ်ကောင်စီရဲ့ မြို့နယ်စစ်မှုထမ်း ဆင့်ခေါ်ရေးအဖွဲ့နဲ့ ရဲတပ်ဖွဲ့က စစ်ဆေးနတာလို့ သိရပါတယ်။

အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “စစ်မှုထမ်း ငွေကိစ္စနဲ့ အတိုင်ခံရလို့ စစ်ဆေးခံနေရတာ။ ငွေအမောက် ဘယ်လောက်ဆိုတာမသိဘူး။ အပတ်စဉ် ၁ ကနေ ၂၀ အထိ ငွေကို အလွဲသုံးစား လုပ်ထားတယ်လို့ဆိုပြီး တိုင်လို့ စစ်ဆေးနေတာ။ အခြားအမှုတွေလည်း မနည်းဘူး” လို့ ပြောပါတယ်။

ကျေးရွာအုပ်ချုပ်ရေးမှူး ပြုံးချို ကို စစ်မှုထမ်းထောက်ပံ့ကြေး ကိုယ်ကျိုးအတွက် အသုံးပြုတဲ့ အမှုအပြင် ကျေးရွာ မီးလင်းရေး ရန်ပုံငွေ ကိုယ်ကျိုးအသုံးပြုတာ၊ ကွန်ကရစ်လမ်းအတွက် ငွေစာရင်းဖျောက်တာ၊ ကျေးရွာဘာသာရေး ရန်ပုံငွေစာရင်းဖျောက်တာ၊ တောင်သူတွေဆီကနေ ချေးငွေ ရန်ပုံငွေ တောင်းယူတာ စတဲ့ အမှုခေါင်းစဉ်တွေနဲ့ စစ်ဆေးခံနေရတာလို့ သိရပါတယ်။

ကျေးရွာဒေသခံတယောက်က “ရပ်ရွာက စုတိုင်တာကြောင့် စစ်ဆေးနေတာ။ ဗိုလ်မှူးတွေပါတဲ့ စစ်ဆေးတဲ့အဖွဲ့က စစ်ဆေးနေတာလို့ သိရတယ်။ အကြောင်းထူးလောက်မယ်မထင်ဘူး။ ရဲအရာရှိတွေ၊ တပ်အရာရှိတွေက လာဘ်စားတာကို ပြုံးချိုက ကောင်းကောင်းသိတယ်။ လာဘ်ထိုးတာနဲ့ ပြီးသွားလောက်မယ်” လို့ ပြောပါတယ်။

အရပ်သားတွေ စုပေါင်းတိုင်ကြားတဲ့ အမှုကိစ္စတွေနဲ့ပတ်သက်လို့ အုပ်ချုပ်ရေးမှူးပြုံးချိုက သက်ဆိုင်ရာ အထက်အဆင့်ဆင့်ကို လာဘ်ငွေတွေ ပေးကမ်းထားတာကြောင့် ဟန်ပြစစ်ဆေးကာ အမှုကို လက်စဖျောက်နိုင်တယ်လို့ ဆိုပါတယ်။

အဲဒီအမှုကိစ္စတွေကို ဟန်ပြစစ်ဆေးကာ ဖျောက်ဖျက်ပါက အုပ်ချုပ်ရေးမှူး ပြုံးချိုကို ထိရောက်တဲ့ အရေးယူမှု လုပ်ဆောင်တဲ့အထိ အထက်အဆင့်ဆင့်ကို ဆက်လက်တိုင်ကြားသွားမယ်လို့ ဒေသခံ တွေက ပြောပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013