
ရန်ကုန်နဲ့ ဒလမြို့ကို ဆက်သွယ်ထားတဲ့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလတံတား) ပြီးစီးသွားချိန်မှာ ဒလဘက်ခြမ်းက အိမ်ခြံမြေဈေးကွက်တွေ အဆမတန် ခုန်တက်သွားတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့တွင်းနဲ့ တဖက်ကမ်း ဒလမြို့ကို ဆက်သွယ်ထားတဲ့ မြန်မာ-ကိုရီးယား ချစ်ကြည်ရေးတံတား (ဒလတံတား) ပြီးစီးသွားလို့ ဖေဖော်ဝါရီ ၆ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။
တံတားဆောက်လုပ်နေချိန်မှာပဲ ဒလမြို့ဘက်ခြမ်းမှာရှိတဲ့ အိမ်ခြံမြေဈေးကွက်ထဲ အိမ်နဲ့ မြေဈေးတွေ အဆမတန် တက်နေခဲ့ရတာကနေ အခု တံတားဆောက်လုပ်ပြီးစီးသွားချိန်မှာတော့ အိမ်ခြံမြေဈေးဟာ အရမ်းခုန်တက်လာကြောင်း သိရပါတယ်။
ဒလမြို့တွင်း ပေ ၂၀ x ၆၀ မြေတကွက်က ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်တုန်းက ငွေကျပ် သိန်း ၂၀၀ ဝန်းကျင်သာ ရှိခဲ့ရာကနေ တံတားပြီးစီးကာနီး ၂၀၂၅ ခုနှစ်ထဲမှာ သိန်း ၇၅၀ ထိ ပေါက်ဈေးရှိခဲ့ပြီး အခု တံတားပြီးစီးချိန် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလမှာတော့ ပေ ၂၀ x ၆၀ မြေတကွက်ဟာ သိန်း ၅,၀၀၀ ဝန်းကျင်ထိ ရောင်းဈေး(ခေါ်ဈေး) ရှိနေကြောင်း စုံစမ်းသိရပါတယ်။
ဒလဒေသခံတယောက်က “အရင်တုန်းကလည်း အဲဒီလို အသံတွေ ထွက်ဖူးတယ်။ အခု တံတားပြီးသွားတော့ ပိုဆိုးလာတာပေါ့။ လိုင်းပေါ်တွေမှာရော ရပ်ကွက်တွေထဲမှာရော၊ ဒလတံတားနားက ကျန်စစ်သားရပ်ကွက်တို့ နောက် တွံတေး-လှိုင်သာယာဘက်သွားတဲ့ ဒလတံတားနားက မြေကွက်ဆိုရင်လည်း သိန်းပေါင်း ၁၀,၀၀၀ တို့၊ နောက် ထောင်ချီ သောင်းချီ တောင်းတဲ့ ရောင်းဝယ်တွေလည်း ရှိတယ်။ တကယ် ဝယ်ရောင်းဖြစ်သွားတာကိုတော့ ဒီနေ့ထိတော့ မကြားမိသေးဘူး။ ဒါပေမဲ့ ဈေးခေါ်နေကြတာ အပြိုင်အဆိုင်၊ တံတားပြီးသွားတဲ့အချိန်ကို ဆိုးလာတာက ပေ ၂၀ x ၄၀ x ၆၀ အဲဒီလိုမြေကွက်တွေဆို သိန်း ၅,၀၀၀၊ ၄,၅၀၀ အဲဒီလိုတွေ။ မြေကွက်အကျယ်ကြီးတွေ တံတားနားကဆို သိန်း ၁၀,၀၀၀ တို့ ၁၂,၀၀၀ တို့ အဲဒီလောက်ထိကို ဈေးခေါ်ပြီး ဝယ်ရောင်းလုပ်နေကြတယ်” လို့ ပြောပါတယ်။
ဒလဘက်အခြမ်းမှာ လမ်းမ၊ တံတားအနီးအနားနဲ့ လမ်းပန်းဆက်သွယ်သွားလာရ လွယ်ကူတဲ့ နေရာတွေဆို သိန်းပေါင်း သောင်းချီ ခေါ်ဈေးတွေနဲ့ အရောင်းတင်ထားတာ ဖြစ်ပါတယ်။
အိမ်ခြံမြေဈေးတွေက အချိန်နဲ့ တက်နေတာဖြစ်ပြီး နိုင်ငံခြားငွေကြေး(ဒေါ်လာ) နဲ့ ရွှေဈေး အတက်အကျပေါ် မူတည်ကြောင်း သိရပါတယ်။
ဒလမြို့ထဲက အိမ်ခြံမြေဈေးကွက်ဟာ ဝယ်ရောင်းသမားတွေရဲ့ လက်ထဲမှာ ဆက်လက်တက်နေနိုင်ကြောင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ကိုင်သူတယောက်က မှတ်ချက်ပြုပါတယ်။
“ဒလဘက်ကိစ္စက တံတားပြီးသွားတော့ လမ်းပန်းဆက်သွယ်ရေးပေါ် မူတည်ပြီး ပုံမှန်ထက် ဈေးမြင့်တာတွေက ဖြစ်နိုင်ခြေရှိပါတယ်။ ဒါပေမဲ့ အိမ်ခြံမြေဈေးဆိုတာ တကယ်တမ်းက ဒေါ်လာဈေး ရွှေဈေးပေါ်ပဲ မူတည်တယ်။ ရွှေစျေး ဒေါ်လာစျေး တက်တာနဲ့ လိုက်တက်တယ်။ မြေတွေ ခြံတွေက ပိုင်ရှင်ခေါ်စျေးပါပဲ။ တခုကတော့ အဝယ်သမားက သိန်း ၉,၀၀၀ နဲ့ဝယ်ပြီး နောက်လူပြန်ရောင်းတော့ သိန်း ၁၂,၀၀၀ ဖြစ်၊ တဆင့်ပြီးတဆင့် ဝယ်ရောင်းတွေပြောင်းတော့ ဈေးက မတရားတက်နေတာလို့ ခန့်မှန်းရတယ်။”
မကြာသေးခင်အချိန်တုန်းကလည်း လက်ရှိ မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက်ထဲကို ငွေအလုံးအရင်းနဲ့ ကျားဖြန့် လူလိမ်ဂိုဏ်းတွေ ဝင်ရောက်လာနေတဲ့အတွက် အိမ်ခြေမြေ အကျိုးဆောင်အဖွဲ့ဝင်တွေကြား သတိထားကြဖို့ အသိပေးခဲ့ကြကြောင်း သိရပါတယ်။
လက်ရှိမှာတော့ အိမ်ခြံမြေဈေးတွေ အဆမတန် ခုန်တက်နေပေမဲ့လည်း အရောင်းအဝယ်ကတော့ အေးနေဆဲ ဖြစ်ပါတယ်။
ဝေဝေ


