
ရန်ကုန်တိုင်း၊ ဒလမြို့ပေါ်ရပ်ကွက်တွေမှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းဖို့ လူငယ်တွေကို ဖမ်းဆီးတာ၊ စစ်မှုမထမ်းလိုတဲ့သူတွေဆီကနေ ငွေကြေးတောင်းယူနေတာအပြင် စစ်မှုထမ်းဖို့ စစ်သင်တန်းကျောင်းပို့ခံထားရသူတွေအတွက်ဆိုပြီး လစဥ်ငွေကြေးကောက်ခံနေ တယ်လို့ ဒလမြို့ခံတွေဆီက သိရပါတယ်။
စစ်မှုမထမ်းလိုတဲ့သူတွေဆီက ကျပ်ငွေ ၁၀ သိန်းကနေ သိန်း ၃၀အထိ တောင်းယူနေပြီး စစ်မှုထမ်းဖို့ စစ်တပ်ထဲရောက်သွားတဲ့သူတွေကို ထောက်ပံ့ဖို့ဆိုပြီး တအိမ်ထောင်ကို လစဥ်ကျပ် ၂၅,၀၀၀ ကောက်ခံနေတယ်လို့ ဆိုပါတယ်။
ဒလမြို့ကနေ စစ်မှုမထမ်းချင်လို့ ရှောင်ပြေးလာတဲ့ လူငယ်တယောက်က “စစ်မှုထမ်းကြေးလည်း ထည့်ရ၊ စစ်မှုထမ်းပါသွားတဲ့သူတွေကို ထောက်ပံ့ဖို့ဆိုပြီးလည်း လစဥ်ထည့်နေရတယ်။ ကုန်ဈေးနှုန်းတွေတက်လို့ စားဝတ်နေရေးခက်ခဲနေပါတယ်ဆိုမှ လိုင်းကြေးပုံစံ ပေးနေကြရတယ်။ စစ်မှုထမ်းရင်လည်း သေမှာပဲ အသေတော့မခံဘူးဆိုပြီးထွက်လာတာ။ ဆက်နေရင်လည်း တနေ့မဟုတ်တနေ့ စစ်မှုထမ်းအဆွဲခံရတော့မှာမို့ ရှောင်တိမ်းလာတာ” လို့ ပြောပါတယ်။
ဒလမြို့မှာ စစ်မှုထမ်းကိစ္စနဲ့ပတ်သက်ပြီး ပြည်သူတွေထံကနေ ငွေညစ်တာတွေ ပိုပိုဆိုးလာနေပြီး အုပ်ချုပ်ရေးမှူးတွေ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေက စစ်သားတွေ ရဲတွေနဲ့ပေါင်းပြီး ၂ သီးစား လုပ်စားနေကြတာလို့ ဆိုပါတယ်။
စစ်ကောင်စီက စစ်မှုထမ်း ဥပဒေကိုစတင်ကျင့်သုံးပြီးနောက်ပိုင်းမှာ စစ်တပ်ရဲအုပ်ချုပ်ရေးမှူးနဲ့ ပြည်သူ့စစ်အဖွဲ့တွေပေါင်းပြီး လူငယ်တွေကို ဖမ်းဆီးပေါ်တာဆွဲတာတွေ မကြာခဏပြုလုပ်နေတာပါ။
ဒီအခြေအနေမှာ စစ်မှုမထမ်းလိုတဲ့လူငယ်တွေ မြန်မာပြည်က ထွက်ပြေးပြီး ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်နေသူအများအပြားရှိလာနေတယ်လို့ စစ်မှုထမ်းရှောင်လာတဲ့ ထိုင်းရောက်မြန်မာနိုင်ငံသားလူငယ်တွေဆီက သိရပါတယ်။


