ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်နေတဲ့ Walk for Peace ဆရာတော်တွေဟာ ဒေသစံတော်ချိန် ဖေဖော်ဝါရီ ၉ ရက်မှာ အမေရိကန်ပြည်ထောင်စု၊ မြို့တော် ဝါရှင်တန်ဒီစီကို ရောက်ရှိလာပြီးနောက် လွှတ်တော်နဲ့ လွတ်လပ်ရေးကျောက်တိုင်အနီး လင်ကွန်းအထိမ်းအမှတ်နေရာကို လမ်းလျှောက်ချီတက်ခဲ့ပြီး လူထုနဲ့ တွေ့ဆုံခဲ့ပါတယ်။
မယ်ရီလန်းပြည်နယ်နဲ့ ဝါရှင်တန်ဒီစီမှာရှိတဲ့ တက္ကသိုလ်တွေမှာ လူထုတွေ့ဆုံပွဲတွေ ဆက်လက်ပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ ကွန်ဂရက်စ်လွှတ်တော် တည်ရှိရာ Capitol Hill က ငြိမ်းချမ်းရေး အထိမ်းအမှတ်ကျောက်တိုင်နေရာကို ခရီးဆက်ခဲ့ပါတယ်။
ဆရာတော်တွေရဲ့ Walk for Peace ခရီးစဉ်ကို ဝါရှင်တန်ဒီစီ အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ မြို့ခံပြည်သူတွေက ထောက်ခံအားပေး ကြိုဆိုခဲ့ကြပါတယ်။
အီဂျစ်နိုင်ငံသူ ဆာ့ဂျ်မဂ်နာဗောက်က “ဘုန်းတော်ကြီးတွေ ဆောင်ရွက်ခဲ့တာဟာ ဘာသာရေး၊ နိုင်ငံရေး ဆိုတာတွေထက်ကို ပိုပါတယ်။ သူတို့ဟာ တစုံတရာကို မမေ့လျော့အောင်လို့ သတိပေးတဲ့အနေနဲ့ ဆောင်ရွက်တာလို့ မြင်ပါတယ်။ ငြိမ်းချမ်းရေးကို လူသားတွေ ပွားများစေဖို့ပေါ့။ ကျမ နားလည်တဲ့ ငြိမ်းချမ်းမှုဆိုတာ သဘောထားကွဲပြားနေကြမဲ့အစား ပတ်ဝန်းကျင်နဲ့ ဆက်သွယ်ပါ၊ လူတွေဘာပြောကြသလဲ၊ အဲဒါနဲ့အတူ ကောင်းမွန်တဲ့ လူမှုရေး စိတ်တွေကို အတူတူသယ်ယူလာပြီး တစိတ်တဝမ်းတည်း၊ စုပေါင်းလုပ်ဆောင်နိုင်ကြမယ် ဆိုရင် ငြိမ်းချမ်းရေးဟာ ပွားများလာမှာပါ” လို့ ပြောပါတယ်။
ကင်မရွန်း ငြိမ်းချမ်းရေးလိုလားသူတယောက်ကလည်း “ကျနော်တို့နိုင်ငံမှာ ငြိမ်းချမ်းရေးမရှိလို့ ဒီနေ့ ဒီကိုရောက်လာတာပါ။ ကင်မရွန်းနိုင်ငံတောင်ပိုင်းမှာ ဘာတွေဖြစ်နေသလဲ၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ ဆက်စပ်ပြီး စစ်ပွဲတွေဟာ တကမ္ဘာလုံးမှာလိုလိုပဲ၊ အဲဒါကြောင့် တကမ္ဘာလုံးကို ပြောနိုင်ဖို့ ဒီနေရာကို ရောက်လာတာပါ” လို့ ပြောပါတယ်။
ဝါရှင်တန်ဒီစီကို ရောက်ရှိနေတဲ့ နိုင်ငံတကာက ငြိမ်းချမ်းရေးလိုလားသူ အများအပြားလည်း ပူးပေါင်းပါဝင်လာတာကြောင့် ဆရာတော်တွေရဲ့ လမ်းလျှောက်ပွဲမှာ လုံခြုံရေးကို တိုးမြှင့်ချထားခဲ့ရပါတယ်။
မွန်းလွဲပိုင်းမှာ ဦးဆောင်ဆရာတော် ဦးပညာကာရက လွတ်လပ်ရေးကျောက်တိုင်အနီး လင်ကွန်းအထိမ်းအမှတ်နေရာမှာ လူထုနဲ့တွေ့ဆုံခဲ့ပြီး ငြိမ်းချမ်းရေးတရား ဟောပြောခဲ့ပါတယ်။
Peace Walk ဝန်းရံသူ ကိုမျိုးဇော်က “ကျနော်တို့နိုင်ငံ မငြိမ်းချမ်းတာကိုတော့ ကျနော် အင်မတန်ဝမ်းနည်းပါတယ်။ ဒါကြောင့်မို့ ဆရာတော် ကြွရောက်နေတဲ့အချိန်မှာပဲ ကျနော် ငြိမ်းချမ်းရေးစိတ်နဲ့ ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ကျနော် လာရောက်အားပေးတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
Peace Walk ဝန်းရံသူ နောက်တယောက်ဖြစ်တဲ့ ဒေါ်သန်းသန်းဝင်းကလည်း “နောက်ကနေ အပြေးအလွှားလိုက်ကြ၊ တရားတွေနာကြ ဆိုတာကို ကိုယ်တိုင်တွေ့ရပါတယ်။ နေရာတိုင်းမှာလည်း လူတွေဆိုတာ ပြည့်နေတာပဲ။ မနေ့ကရော ဒီနေ့ရောဆိုရင် ဝါရှင်တန်ဒီစီ တော်တော်လေးလည်း ယာဉ်ကြောပိတ်ဆို့မှုတွေ ရှိပါတယ်။ အခု လမ်းတောင် တော်တော်လျှောက်ပြီးတော့ ဆရာတော်တို့ရှိတဲ့နေရာကို သွားမလို့ ကျမ လာခဲ့တာပါ” လို့ ပြောပါတယ်။
Peace Walk ဝန်းရံသူ ဦးသန့်တင်ဆင့် ကလည်း “စိတ်ကလေးကို ဖြူဖြူစင်စင်ထားမယ်၊ ရတောင့်ရခဲ ဘဝလေးမှာ ငါ့အတွက်ရော မိသားစုအတွက်ရော ငါနေထိုင်တဲ့ နိုင်ငံကြီးအတွက်ရော ပြည်သူတွေ နှလုံးစိတ်ဝမ်းငြိမ်းချမ်းဖို့၊ ငါကိုယ်တိုင်လည်း ငြိမ်းချမ်းဖို့ ကျင့်ကြံမယ်၊ ပွားများအားထုတ်မယ် ဆိုတဲ့ စိတ်ကလေးသာ ပိုင်းဖြတ်လိုက်ရင် မြန်မာပြည်ကြီးဟာ ငြိမ်းချမ်းပါတယ်” လို့ ပြောပါတယ်။
ဗီယက်နမ်ဆရာတော် ဦးပညာကာရ ဦးဆောင်တဲ့ Walk for Peace ဆရာတော်တွေဟာ တက္ကဆက်ပြည်နယ် ဖို့တ်ဝသ်မြို့ကနေ မိုင်ပေါင်း ၂,၃၀၀ ကွာဝေးတဲ့ ဝါရှင်တန်ဒီစီကို ရောက်အောင် အချိန် ၁၀၈ ရက်အတွင်း လမ်းလျှောက်ခဲ့ကြတာပါ။
အမေရိကန်ပြည်တွင်းရေး မတည်ငြိမ်ချိန်၊ နိုင်ငံတကာမှာလည်း ပဋိပက္ခအရှိန် မြင့်နေတာတွေကြောင့် ဆရာတော်တွေရဲ့ ငြိမ်းချမ်းရေးလမ်းလျှောက်ပွဲ အစီအစဉ်ကို ကမ္ဘာတဝန်းက ပြည်သူတွေက ထောက်ခံအားပေးခဲ့ကြပါတယ်။
သုတချမ်းသာ






