
ငြိမ်းချမ်းရေးအတွက် ခရီးရှည်လမ်းလျှောက်နေတဲ့ Walk for Peace ဆရာတော်တွေဟာ အမေရိကန်မြို့တော် ဝါရှင်တန်ကို ရောက်ရှိလာပြီဖြစ်ပါတယ်။
ဒေါသနဲ့ အမုန်းတရားတွေကို ဆန့်ကျင်မှုအဖြစ် ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်နေတဲ့ ဆရာတော်တွေကို ဗာဂျီနီးယားပြည်နယ်၊ အလက်ဇန်ဒရီရာမှာ လူတွေစုဝေးပြီး ဖေဖော်ဝါရီ ၉ ရက်က ကြိုဆိုခဲ့ကြပါတယ်။
တက္ကဆက်ပြည်နယ်၊ ဖို့ဝေါ့မြို့ကနေ အောက်တိုဘာ ၂၆ ရက်က စတင်ထွက်ခွာခဲ့ကြတဲ့ ဆရာတော်တွေဟာ ဖေဖော်ဝါရီ ၉ ရက်မှာ ရက်ပေါင်း ၁၀၆ ရက်ပြည့်ပြီ ဖြစ်ပါတယ်။
အတွင်းစိတ်ငြိမ်းချမ်းဖို့၊ စိတ်တည်ငြိမ်ဖို့နဲ့ ကမ္ဘာကြီးသဟဇာတဖြစ်ဖို့ ရည်ရွယ်ချက်နဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေက ခရီးရှည်ကြီးကို လမ်းလျှောက်ခဲ့ကြတာပါ။
ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်တဲ့အဖွဲ့ ဦးဆောင်ဆရာတော် အရှင်ပညာကာရက “လမ်းလျှောက်တာက ဘုန်းကြီးတို့ကို အာရုံစိုက်ဖို့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကို သတိပြုမူဖို့ပါ။ ဘုန်းကြီးတို့ လမ်းစလျှောက်တဲ့အချိန်က ငြိမ်းချမ်းရေးလက်ပတ် ၁,၀၀၀ ယူခဲ့ပြီး အခုအချိန်မှာ လက်ပတ်ပေါင်း ၁ သိန်းကျော် ဖြန့်ဝေခဲ့ပါတယ်” လို့ မိန့်ကြားပါတယ်။
အလက်ဇန်ဒရီရာမှာ မြို့တော်ဝန် ဂါစကင်က အမှာစကားပြောကြားခဲ့ပြီး ဆရာတော်တွေရဲ့ ငြိမ်းချမ်းရေးရည်ရွယ်ချက်ကို ချီးကျူးခဲ့ပါတယ်။
အရှင်ပညာကာရက “ဒီကမ္ဘာကြီးမှာ ဒေါသတွေ၊ မုန်းတီးမှုတွေ ရှိနေတာကြောင့် ကိုဗစ်-၁၉ လိုမျိုး ဘေးအန္တရာယ်တွေလို ဆိုးရွားမှုတွေ ပြန်လာမှာပါ။ ဒီကပ်ဆိုးကြီးမှာ လူတွေ ဘယ်လောက်သေခဲ့လဲ၊ မိသားစုဝင်တွေ ဘယ်လောက်ဆုံးရှုံးခဲ့လဲ။ ကမ္ဘာကြီးမှာ ဒေါသတွေ၊ မုန်းတီးမှုတွေ ရှိနေရင် ဒီလိုမျိုး အဖြစ်အပျက်တွေ ဆက်လာနေမှာပါ” လို့ မိန့်ပါတယ်။
ရက်ပေါင်း ၁၀၀ ကျော် လမ်းလျှောက်ခရီးမှာ ပြည်နယ်အမြောက်အမြားကို ဖြတ်သန်းခဲ့ပြီး အတူယှဉ်တွဲနေထိုင်မှုနဲ့ မေတ္တာထားမှုတွေ လူထုအတွင်း ရောင်ပြန်ထင်ဟပ်စေခဲ့ပါတယ်။
လမ်းလျှောက်ဆရာတော်တွေကို ဒေသခံတွေက နွေးနွေးထွေးထွေး ကြိုဆိုခဲ့ကြတာ တွေ့ရပါတယ်။
ဆရာတော်တွေဟာ လင်ကွန်းအမှတ်တရနေရာမှာ စုဝေးပြီး မျှော်လင့်ချက်နဲ့ စည်းလုံးမှုဆိုတဲ့ အမှာစကားနဲ့ ဒီခရီးစဉ်ကို အဆုံးသတ်မှာ ဖြစ်ပါတယ်။
ဆရာတော်တွေဟာ ဖို့ဝေါ့ကို မပြန်မီ အန်နာပိုလစ်မှာရှိတဲ့ မေရီလန်းကိုလည်း ခရီးစဉ်တရက် ထပ်တိုးထားပါတယ်။
Source: Reuters


