Home
နိုင်ငံတကာ
ဒီမိုကရက်များ အကြောက်ဆုံးမှာ ထရမ့်ပ်ဖြစ်ကြောင်း ဝါရှင်တန် ဟောလိုးဝင်းပွဲက သက်သေခံ
DVB
·
October 31, 2025
Photo: U.S. NETWORK POOL

ဒီမိုကရက်တွေအတွက် ကြောက်စရာအကောင်းဆုံးဟာ ထရမ့်ပ် ဖြစ်တယ်ဆိုတာ ဝါရှင်တန် ဟောလိုးဝင်းပွဲတော်က သက်သေခံနေတယ်လို့ ရိုက်တာသတင်းက သရော်ပြီး ခေါင်းစဉ်တပ်ထားပါတယ်။

ဒီမိုကရက်တစ်ပါတီအပေါ် ထောက်ခံမှု အထူးများပြားတဲ့ အမေရိကန်နိုင်ငံရဲ့ အစိုးရရုံးစိုက်ရာ ဝါရှင်တန်ဒီစီက ဟောလိုးဝင်းပွဲတော်မှာ ကြောက်စရာမြင်ကွင်းတွေကို ဖော်ကျူးရာမှာ  နိုင်ငံရေးက အဓိက လွှမ်းမိုးတာဟာ ထုံးတမ်းစဉ်လာတခုလည်း ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ ဒုတိယသက်တမ်း ၁၀ လနီးပါး ရှိလာချိန်မှာတော့ ဒေသခံတွေက ဒီပွဲတော်ကို ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုလို့ သူတို့ရှုမြင်တဲ့ ကိစ္စတွေကို ဆန္ဒပြဖို့ အသုံးချနေကြပါတယ်။

ဒီနှစ် ဟောလိုးဝင်းပွဲတော်ဟာ အမေရိကန်သမိုင်းမှာ အရှည်ကြာဆုံး အစိုးရယန္တရား ရပ်ဆိုင်းမှုနဲ့လည်း တိုက်ဆိုင်နေပါတယ်။

အသက် ၇၉ နှစ်အရွယ် ဒေသခံတယောက်ကတော့ ထရမ့်ပ်ရဲ့ ဘတ်ဂျက် ဖြတ်တောက်မှုတွေကြောင့် ရပ်ဆိုင်းသွားတဲ့ USAID နဲ့ “ကျန်းမာရေးနဲ့ သိပ္ပံသုတေသန” လို အစိုးရစီမံကိန်းတွေအတွက် “သေဆုံးခြင်း” အထိမ်းအမှတ် သင်္ချိုင်းပုံစံ ဖော်ကျူးထားပါတယ်။

ဂျော့ချ်တောင်းရပ်ကွက်က အိမ်တအိမ်မှာတော့ “ဆပ်ကပ်လူပျက်ကို ရွေးလိုက်ရင်၊ ဆပ်ကပ်ပွဲပဲ ကြည့်ရမယ်” ဆိုတဲ့ ဆိုင်းဘုတ်နဲ့အတူ ကြောက်စရာ ဆပ်ကပ်လူပျက်ရုပ်တွေထားပြီး ထရမ့်ပ်အစိုးရကို လှောင်ပြောင်ထားတာ တွေ့ရပါတယ်။

ဒါ့အပြင် ထရမ့်ပ်ရဲ့ မူဝါဒတွေ၊ အစိုးရအလုပ်အကိုင် လျှော့ချမှုတွေအပေါ် ဝေဖန်တာတွေနဲ့ ကာကွယ်ဆေးတွေကို ဝေဖန်သူဖြစ်တဲ့ ကျန်းမာရေးဝန်ကြီး ရောဘတ် အက်ဖ် ကနေဒီ ဂျူနီယာကို လှောင်ပြောင်ထားတဲ့ သရုပ်ဖော်မှုတွေလည်း ရှိပါတယ်။

ဝါရှင်တန်မြို့တော်ဧရိယာဟာ ထရမ့်ပ်ရဲ့ အစိုးရအသုံးစရိတ် ဖြတ်တောက်မှုဒဏ်ကို အဓိကခံရတဲ့ နေရာဖြစ်ပြီး ဒီမြို့မှာ မဲပေးသူ ၉၀ ရာခိုင်နှုန်းက ဒီမိုကရက်တွေ ဖြစ်ပါတယ်။

အိမ်ဖြူတော်ကတော့ ဒီလို ထရမ့်ပ်ကိုဆန့်ကျင်တဲ့ ဟောလိုးဝင်းသရုပ်ဖော်မှုတွေဟာ အနှစ်မရှိတဲ့ သူတောင်ကောင်းယောင်ဆောင်မှုမျိုး ဖြစ်တယ်လို့ တုံ့ပြန်လိုက်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013