
ပါကစ္စတန်နိုင်ငံမှာ အစ္စလာမ္မစ် စစ်သွေးကြွတွေရဲ့ အကြမ်းဖက်မှုလှိုင်းတွေ တကျော့ပြန် မြင့်တက်လာချိန်မှာ ဖေဖော်ဝါရီ ၁၁ ရက်က တောင်အာရှနိုင်ငံရဲ့ အနောက်မြောက်ပိုင်းမှာ စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ရဲတွေက သူတို့ဟာ ဒယ်ရာအစ္စမိုင်းလ်ခန်းမြို့ပြင်က စစ်သွေးကြွတွေကို နှိမ်နင်းတဲ့ စစ်ဆင်ရေးတခုကနေ ပြန်လာချိန်မှာ တောအုပ်အတွင်း ပုန်းအောင်းနေတဲ့ စစ်သွေးကြွတွေရဲ့ ခြုံခိုတိုက်ခိုက်မှုကို ခံခဲ့ရတာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရဲတပ်ဖွဲ့က ပြန်လည်ခုခံ တိုက်ခိုက်ခဲ့တာကြောင့် စစ်သွေးကြွ ၄ ယောက်ကိုလည်း အသေဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဒဲရာအစ္စမိုင်းလ်ခန်း သင်ကြားရေးဆေးရုံရဲ့ အရေးပေါ်ဌာနဆီ ပို့ဆောင်ကုသပေးနေပါတယ်။
အခုချိန်ထိတော့ ဘယ်အဖွဲ့အစည်းကမှ သူတို့လက်ချက်ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။
ဒဲရာအစ္စမိုင်းလ်ခန်းမြို့ဟာ အာဖဂန်နယ်စပ်တလျှောက် တရားဥပဒေစိုးမိုးမှု ကင်းမဲ့တဲ့ ဝါဇီရစ္စတန်ဒေသ အစွန်အဖျားမှာ တည်ရှိပြီး အဲဒီနယ်မြေဟာ ဒေသခံ တာလီဘန်အဖွဲ့ (TTP) အခြေစိုက်ရာနေရာလည်း ဖြစ်ပါတယ်။
၂၀၂၂ ခုနှစ်နှောင်းပိုင်းမှာ ပါကစ္စတန် တာလီဘန်အဖွဲ့ (TTP) က အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကိုဖျက်သိမ်းလိုက်ပြီးနောက်ပိုင်း ပါကစ္စတန်မှာ အကြမ်းဖက်မှုတွေ သိသိသာသာ မြင့်တက်လာခဲ့တာပါ။
ပြီးခဲ့တဲ့ သောကြာနေ့ကလည်း မြို့တော် အစ္စလာမ်မာဘတ်ရှိ ဗလီတခုမှာ အသေခံဗုံးခွဲမှု ဖြစ်ပွားခဲ့လို့ လူ ၃၀ ကျော် သေဆုံးခဲ့ပါသေးတယ်။
Source: Reuters


