
ပါကစ္စတန်နိုင်ငံ အစ္စလာမာဘတ်မြို့က ဗလီတခုမှာ လူ ၃၂ ယောက်အား သတ်ဖြတ်ခဲ့တဲ့ အသေခံဗုံးခွဲသမားကို ကူညီခဲ့တယ်လို့ ယုံကြည်ရတဲ့ လူ ၄ ယောက်ကို အာဏာပိုင်တွေက ဖမ်းဆီးထားတယ်လို့ ပြည်ထဲရေးဝန်ကြီး မိုရှင် နာ့ဂ်ဗီက ဖေဖော်ဝါရီ ၇ ရက်မှာ ပြောပါတယ်။
ပက်ရှဝါနဲ့ နော်ရှီရာမှာ စစ်ဆင်ရေးတခုအပြီး တိုက်ခိုက်မှုရဲ့ ကြိုးကိုင်သူလို့ ယူဆရတဲ့သူ အပါအဝင် လူ ၄ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ နာ့ဂ်ဗီက ပြောခဲ့ပါတယ်။
စစ်ဆင်ရေးအတွင်း အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး အရာရှိတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
ဖေဖော်ဝါရီ ၆ ရက်က တိုက်ခိုက်မှုမှာ အမျိုးသားတယောက်က ပါကစ္စတန်မြို့တော်ရဲ့ ဆင်ခြေဖုံးမှာရှိတဲ့ ရှီးအိုက်မွတ်စလင်ဗလီဖြစ်တဲ့ ခါဒီဂျာ တူးလ် ကူဘရာ အီမာဘာဂါ ဗလီဝင်းထဲမှာ ပစ်ခတ်ခဲ့တာပါ။
အသေခံဗုံးခွဲ တိုက်ခိုက်ခဲ့တာကြောင့် လူ ၃၂ ယောက် သေဆုံး၊ ၁၇၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။
အစ္စလာမာဘတ်မြို့မှာ ဆယ်စုနှစ်တခုကျော်အတွင်း အသေအပျောက်အများဆုံး တိုက်ခိုက်မှုကို လုပ်ခဲ့တာလို့ အစ္စလာမစ် နိုင်ငံတော် အမည်ခံ အိုင်အက်စ် စစ်သွေးကြွအဖွဲ့က Telegram မက်ဆေ့ခ်ျအက်ပ်မှာ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
လုံခြုံရေးတင်းတင်းကျပ်ကျပ် ချထားတဲ့ အစ္စလာမာဘတ်မြို့မှာ အခုတိုက်ခိုက်မှုဟာ ၃ လအတွင်း ဒုတိယအကြိမ်မြောက်ပါ။ မကြာသေးမီက စစ်သွေးကြွ တိုက်ခိုက်မှုတွေ မြင့်တက်လာလို့ ပါကစ္စတန်ရဲ့ အဓိကမြို့ကြီးတွေမှာ အကြမ်းဖက်မှုတွေ ပြန်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။
မြို့တဝန်းမှာ လုံခြုံရေးကို သိသိသာသာ တိုးမြှင့်ထားပြီး အရေးကြီးတဲ့နေရာတွေဆီ ဦးတည်တဲ့ အဓိကလမ်းမကြီးတွေနဲ့ လမ်းမတွေပေါ်မှာ ရဲစစ်ဆေးရေးဂိတ်တွေ ချထားခဲ့ပါတယ်။
လူဦးရေ ၂၄၁ သန်းရှိတဲ့ ဆွန်နီမွတ်စလင်အများစု နေတဲ့ ပါကစ္စတန်နိုင်ငံမှာ လူနည်းစု ရှီးအိုက်မွတ်စလင်တွေဟာ အရင်က ဘာသာရေးအကြမ်းဖက်မှုတွေမှာ ပစ်မှတ်ထားခံခဲ့ရပြီး အစ္စလာမ္မစ်နိုင်ငံတော်နဲ့ ဆွန်နီအစ္စလာမ္မစ်အဖွဲ့ တယ်ရိခ် အီ တာလီဘန် ပါကစ္စတန်အဖွဲ့တို့ရဲ့ ပစ်မှတ်ထား တိုက်ခိုက်တာတွေကို ခံခဲ့ရဖူးပါတယ်။
Source: Reuters


