Home
မြန်မာသတင်း
လွှတ်တော်မခေါ်ခင် ၂၀၂၀ မဲစာရင်းရလဒ်များ မီးရှို့ဖျက်ဆီးရန် ထွေအုပ်ကို ဖိအားပေး
DVB
·
February 11, 2026

စစ်ကောင်စီက လွှတ်တော်မခေါ်ခင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ မဲစာရင်းတွေ အပြီးမီးရှို့ဖျက်ဆီးဖို့နဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နဲ့ ရွေးကောက်ပွဲအဖွဲ့ဝင်တွေကို ဖိအားပြောဆိုနေပြီး ပျက်ကွက်သူတွေကို အရေးယူသွားမယ်ဆိုပြီး ထုတ်ပြန်ထားတယ်လို့ Non CDM သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲရလဒ် နဲ့ မဲစာရင်းတွေ သန်လျင်ခရိုင်အတွင်းမှာရှိတဲ့ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ နဲ့ ကိုကိုးကျွန်းမြိုနယ်တွေမှာ ဖေဖော်ဝါရီ ၉ ရက်ကနေ ၁၁ ရက်အတွင်း ထွေအုပ်နဲ့ ရွေးကောက်ပွဲကော်အဖွဲ့ခွဲတွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ Non CDM ဝန်ထမ်းတယောက်က DVB ကို ပြောပါတယ်။

“၂၀၂၀ ရွေးကောက်ပွဲရလဒ်တွေကို ဖေဖော်ဝါရီလကုန်အပြီး မီးရှို့ခိုင်းတာ။ မရှို့တဲ့မြို့နယ်ကို အရေးယူမယ်ဆိုပြီး စစ်တပ်က ဖိအားပေးတယ်။ ၉ ရက်နေ့က ခရမ်းနဲ့သုံးခွမှာ ၁၀ ရက်နေ့က ကျောက်တန်းမှာ၊ ဒီနေ့သန်လျင်မှာ မီးရှို့တာ။ မီးရှို့ဖို့ ကော်မတီဖွဲ့တာလည်း မြို့နယ်အလိုက် ကွဲပြားမှုတွေရှိတယ်။” 

မီးရှို့ဖျက်ဆီးဖို့ နှောင့်နှေးနေတာကြောင့် တွံတေး၊ ဒလ၊ ကွမ်းခြံကုန်း နဲ့ ကော့မှူးမြို့နယ်က ထွေအုပ်ရုံးတွေကို ဖေဖော်ဝါရီ ၁၀ ရက်မှာ စစ်ကောင်စီတပ်က စာပေးပို့ခဲ့ပြီး ဖိအားပေးခဲ့တယ်လို့ ထွေအုပ်နဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။

“တွံတေးမှာ ရွေးကောက်ပွဲစာရွက်တွေ သတ်မှတ်ချက်မှာ မီးမရှို့လို့ ခလရ ၇၀ က မြိုနယ်နဲ့ရွေးကော်အဖွဲ့ဝင်တွေကို ခေါ်ပြီး ဖိအားပေးတယ်။ အာ့ကြောင့် အခုရက်ပိုင်း အားချင်း မီးရှို့ဖို့ လုပ်နေရတယ်။” 

ဗိုလ်တစ်ထောင်ခရိုင်အတွင်းမှာရှိတဲ့ ဗိုလ်တစ်ထောင်၊ ဒေါပုံ၊ မင်္ဂလာတောင်ညွန့်၊ ပုဇွန်တောင်၊ သာကေတနဲ့ ဒေါပုံမြို့နယ်တို့မှာ ဖေဖော်ဝါရီ ၆ ရက်ကနေ ၈ ရက်အတွင်း ထွေအုပ်ရုံးတွေ နဲ့ စာသင်ကျောင်းတွေ၊ ရွေးကောက်ပွဲအဖွဲ့ခွဲရုံးတွေမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့ မဲစာရင်းတွေ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က ဒဂုံမြို့သစ်ခရိုင်ထဲက တောင်ဒဂုံ၊ မြောက်ဒဂုံ၊ အရှေ့ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းမြို့နယ်တွေမှာ ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်း နဲ့ ရွေးကောက်ပွဲရလဒ်တွေကို ထွေအုပ်နဲ့ ကော်မရှင်အဖွဲ့ခွဲတွေ ဦးဆောင်ကာ မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းရလဒ်တွေနဲ့ အချက်အလက်တွေကို မီးရှို့ဖျက်ဆီးဖို့ ဖေဖော်ဝါရီ ၄ ရက်မှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးကညွှန်ကြားခဲ့ပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲကို စစ်တပ်သြဇာခံကော်မရှင်အဖွဲ့က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013