
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှာ စတင်အသက်သွင်းခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေဟာ ၂ နှစ်သက်တမ်းရှိ လာချိန်မှာတော့ ၂၀၂၅ ဒီဇင်ဘာလ ၁၆ ရက်အထိ လူငယ်တပ်သားသစ် တသိန်းလောက်ကို စစ်ကောင်စီတပ်က စုဆောင်းထားပြီးဖြစ်ပါတယ်။
အပတ်စဉ် တခုကို သင်တန်းသား စစ်မှုထမ်းတပ်သားသစ် ၅၀၀၀ နှုန်းနဲ့ ခေါ်ယူ စုဆောင်းခဲ့တာဖြစ်ပြီး အခု ၂၀၂၆ ခုနှစ်ထဲမှာတော့ အပတ်စဉ် ၂၁ ထိ ခေါ်ယူ စုဆောင်းထားပြီးဖြစ် ပါတယ်။
MDSI ရဲ့ အချက်အလက်တွေအရ သင်တန်းပို့ချတဲ့ ကျောင်း ၂၇ ကျောင်းရှိပြီး စစ်တပ်ရဲ့တိုင်းနဲ့ ပြည်နယ်အနှံ့က တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တကက)တွေမှာ စစ်မှုထမ်းသင်တန်း တွေကို အများဆုံး ဖွင့်လှစ်ထားတာလို့သိရပါတယ်။
MDSI စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက “မြို့ပြတွေထဲထိ ဖမ်းဆီးစုဆောင်းတာ၊ ခရီးသွားလာတာကို ဖမ်းဆီးစုဆောင်းတာတွေထိ အဆက်မပြတ်လုပ်ကြတယ်။ ဒါသူတို့ ပုံမှန် လုပ်ရိုးလုပ်စဉ်အဖြစ်နဲ့ လစဉ်ဖမ်းဆီး စုဆောင်းတာတွေလုပ်နေတာဆိုတော့ လစဉ် ၅၀၀၀ နီးပါးကတော့ ဖမ်းဆီးစုဆောင်းပြီး ဖွင့်နေတာပေါ့၊ ပြီးခဲ့တဲ့ လကဆို အပတ်စဉ် ၂၁ ထိ ဖွင့်ထားပြီးပြီ လို့ပြောလို့ရပါတယ်၊ တပတ်စဉ်ကိုပျှမ်းမျှ ၄၈၀၀ လောက်ရှိတယ်ပေါ့”လို့ ပြောပါတယ်။
စစ်မှုထမ်းဥပဒေအရဆို နိုင်ငံသားတိုင်း စစ်မှုထမ်းရမှာဖြစ်ပြီး အမျိုးသားတွေကို အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ် မပြည့်မီအထိ သတ်မှတ်ထားပြီး အမျိုးသမီးတွေကိုတော့ အသက် ၁၈ နှစ်ကနေ အသက် ၂၇ နှစ်အထိ သတ်မှတ်ထားတာဖြစ်ပါတယ်။
ပြည်သူ့စစ်မှုထမ်း သင်တန်းကာလကိုတော့ ပုံမှန် ၃ လ၊ (၁၂ ပတ်) သတ်မှတ်ထားခဲ့ရာကနေ အပတ်စဉ် ၁၄ က စလို့ သင်တန်းကာလ တပတ်တိုးပြီး ၁၃ ပတ်ထိ တိုးမြှင့်ခဲ့ရာ အပတ်စဉ် ၁၇ ကို သင်တန်းကာလ ၁၅ ပတ်ကြာ ထပ်မံတိုးမြှင့်ကာ လေ့ကျင့်သင်တန်းပေးခဲ့ကြောင်းလည်း သိရပါတယ်။
ပြည်သူ့ပန်းတိုင်အဖွဲ့မှ CDM ဗိုလ်ကြီးကောင်းသူဝင်းက “ရှိသမျှ အရင်းအမြစ်တွေ အကုန်လုံးက စစ်တပ်ရဲ့ အာဏာတည်မြဲရေးအတွက်ပဲ နည်းမျိုးစုံနဲ့ကို လုပ်ပုံလုပ်နည်းပဲပြောင်းမယ်၊ ရှိသမျှစွမ်းအားတွေကို အာဏာမပြုတ်ကျရေးအတွက် အသုံးချနေမှာဖြစ်တယ်။ အထူးသဖြင့် အခုချိန်မှာ အဆိုးဆုံးကတော့ စစ်မှုထမ်း ဥပဒေထဲမှာ အကျုံးဝင်နေတဲ့လူငယ်တွေဆိုရင်တော့ ပိုပြီးဆိုးတာပေါ့။ နောက်ထပ် အပတ်စဉ်တွေကလည်း ဆက်ရှိလာဦးမယ်၊ တသိန်းလည်းမကဘူး၊ တော်လှန်ရေးမှာ စစ်ကောင်စီကို အမြန်ဆုံးမဖြတ်နိုင်သရွေ့ စစ်ကောင်စီက လူငယ်တွေကို ဆက်လက်ပြီး လစဉ်တိုင်း ပြည်သူ့စစ်မှုထမ်းဥပဒေအတွက် ရတဲ့နည်းမျိုးမျိုးနဲ့ စုဆောင်းနေမှာဖြစ်တယ်”လို့ ပြောပါတယ်။
စစ်မှုထမ်း ဥပဒေကို ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်မှာ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ဥပဒေပြု ပြဋ္ဌာန်းခဲ့တာဖြစ်ပြီး အရပ်သားအစိုးရတွေ လက်ထက်တုန်းကတော့ အကောင်အတည် ဖော်ခဲ့တာမရှိပေမဲ့ အခု စစ်ခေါင်းဆောင်ရဲ့ အုပ်ချုပ်မှုအောက်မှာ အတည်ပြု အသက်သွင်းလိုက် တာပဲဖြစ်ပါတယ်၊
စစ်မှုထမ်းအပတ်စဉ် ၁ ကစပြီး ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၃၁ ရက်အထိ အတင်းအဓမ္မစုဆောင်းခံရတဲ့သူ ၃၂,၀၉၇ ဦးရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပါတယ်။
ဒီအထဲမှာ အမျိုးသား ၁၇,၁၆၁ ယောက်၊ အမျိုးသမီး ၈၆ ယောက်နဲ့ အသက်မပြည့်သေးသူ ၂၉ ယောက်တို့ ပါဝင်ပြီး မန္တလေးတိုင်းက စစ်မှုထမ်းအတွက် လူအများဆုံးစုဆောင်းခံနေရကာ ရခိုင်ကတော့ ဒုတိယအများဆုံး စုဆောင်းခံနေရတယ်လို့လည်း သိရပါတယ်။
ဝေဝေ


