Home
ဆောင်းပါး
အိပ်မက်ဆိုး ၂ နှစ်တာနဲ့ ဘဝပျက်သွားတဲ့ မြန်မာလူငယ်မျိုးဆက်
DVB
·
February 10, 2026

လူငယ်ဘဝ သေဆုံးခြင်း

“အခုတော့ ကျနော့်ရဲ့ လူငယ်ဘဝလေးလည်း

ပျောက်ကွယ်ခဲ့ပါပြီ

တတိုင်းပြည်လုံး ဖြတ်စီးသွားတဲ့

ကောက်ကောက်ကွေ့ကွေ့ မြစ်ကြီးထဲမှာ

ကျနော့်ရဲ့ လူငယ် ဘဝလေးဟာ

နှစ်မြုပ်ပျောက်ကွယ်ခဲ့ပါပြီ”

လှသန်း

ဖေဖော်ဝါရီလ ၁၀ ရက်မှာ ပြက္ခဒိန်ပေါ်မှာ ရက်စွဲတခု ပြောင်းသွားပါလိမ့်မယ်။ အဲဒီရက်စွဲဟာ သာမန်ရက်စွဲတခု မဟုတ်ပါဘူး။ မြန်မာ့သမိုင်းမှာ အမှောင်မိုက်ဆုံး စာမျက်နှာတခုကို စတင်ဖွင့်လှစ်ခဲ့တဲ့ နေ့တနေ့၊ တိတိကျကျ ပြောရရင် “ပြည်သူ့စစ်မှုထမ်းဥပဒေ” ဆိုတဲ့ ခေါင်းစဉ်အောက်မှာ တိုင်းပြည်ရဲ့ အနာဂတ်ကို ချနင်းခဲ့တဲ့နေ့ ၂ နှစ် ပြည့်တဲ့နေ့ပါပဲ။

လွန်ခဲ့တဲ့ ၂၀၂၄၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တုန်းက ကျနော်တို့အားလုံး ဘယ်လို တုန်လှုပ်ခဲ့ရသလဲ၊ ဘယ်လို ပူလောင်ခဲ့ရသလဲ၊ ဘယ်လောက်အထိ စိတ်ရောကိုယ်ပါ ချုံးချုံးကျခဲ့ရသလဲဆိုတာ ယနေ့တိုင် မမေ့နိုင်ကြသေးပါဘူး။ အခု ၂၀၂၆ ခုနှစ်ထဲ ရောက်လာတဲ့အထိ ကျနော်တို့အားလုံး ဒီဒုက္ခတွင်းထဲမှာ နစ်နေကြရတုန်းပါပဲ။ ဒီနေ့မှာတော့ ဒီဥပဒေက ကျနော်တို့ နိုင်ငံကို ဘယ်လို ဒဏ်ရာတွေ ပေးခဲ့သလဲဆိုတာကို ပြောပြချင်ပါတယ်။

တိုင်းပြည် ကာကွယ်ခြင်းလား၊ အာဏာ ကာကွယ်ခြင်းလား 

ဒီဥပဒေ စထွက်လာတုန်းက ကျနော်တို့တွေ ဝေဖန်ခဲ့ကြတယ်။ “စစ်တပ်က ရှုံးနေပြီ၊ ဒါ သူတို့ရဲ့ နောက်ဆုံး ဖဲချပ်ပဲ၊ စစ်မှုထမ်းရရင်တောင် ပစ်သတ် ထွက်ပြေးခဲ့တယ်လို့ရတယ်”လို့ တွက်ခဲ့ကြတယ်။ တကယ်လည်း အဲဒီတုန်းက သူတို့ စစ်ရှုံးခဲ့တာပါ။

ဒါပေမဲ့ ၂ နှစ် ကြာပြီးတဲ့ ဒီနေ့အချိန်မှာ ပြန်ကြည့်လိုက်ရင် ရင်နာစရာကောင်းတဲ့ အမှန်တရား တခုကို ဝန်ခံရပါလိမ့်မယ်။ အဲဒါကတော့ “စစ်ကောင်စီဟာ ဒီဥပဒေကနေ နိုင်ငံရေး၊ စစ်ရေး အမြတ်ထွက်သွားတယ်” ဆိုတာပါပဲ။

၂၀၂၆ ခုနှစ် ဇန်နဝါရီလ စာရင်းဇယားတွေအရ ဆိုရင် စစ်မှုထမ်း အပတ်စဉ်က (၂၁) အထိတောင် ရောက်ရှိနေပြီ။ လူငယ်ပေါင်း အနည်းဆုံး ရှစ်သောင်းနီးပါးဟာ စစ်သင်တန်းဆင်းပြီး ရှေ့တန်းကို ပို့ဆောင်ခံခဲ့ရပါပြီ။ ၂၀၂၅ ခုနှစ် ကုန်ဆုံးချိန်မှာတင် စုစုပေါင်း လူငယ် တသိန်းထက်မနည်း စစ်တပ်ထဲကို ရောက်ရှိသွားခဲ့ပြီလို့ ခန့်မှန်းရပါတယ်။

ဒီလူအင်အား ၁ သိန်းနီးပါးကို သူတို့ ဘယ်လိုသုံးလဲ။ သူတို့ဟာ ဒီလူငယ်တွေကို ရှေ့တန်း စစ်မျက်နှာပြင်တွေမှာ လူသားတံတိုင်းအဖြစ် အသုံးပြုခဲ့ကြတယ်။ စစ်တပ်ရဲ့ ထိုးစစ်ဆင်တဲ့ စစ်ကြောင်းတခုကို ကြည့်လိုက်ရင် အင်အား ၁၈၀ မှာ စစ်သားအဟောင်းက ၃၀ လောက်ပဲ ပါတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ဖော်ပြကြပါတယ်။ ကျန်တဲ့ ၁၅၀ လောက်က စစ်မှုထမ်းဥပဒေနဲ့ ပါလာတဲ့ လူသစ်တွေချည်းပါပဲ။ ၈၀ ရာခိုင်နှုန်းသော လူသစ်တွေကို ရှေ့ကနေ တက်ခိုင်းပြီး နောက်ကနေ သေနတ်နဲ့ချိန် ခိုင်းစေတဲ့ ဗျူဟာကို သုံးပါတယ်။

ဒီရလဒ်က ဘာဖြစ်လာသလဲဆိုတော့ ၁၀၂၇ စစ်ဆင်ရေးကာလတုန်းက အရေးပေါ်ခန်း ရောက်နေပြီလို့ ထင်ရတဲ့ စစ်တပ်ဟာ အသက်ပြန်ရှူနိုင်ခဲ့တယ်။ လက်လွှတ်ခဲ့ရတဲ့ နယ်မြေတချို့၊ မြို့တချို့ကို ဒီလူသစ်အင်အားတွေသုံးပြီး ပြန်လည် ထိုးစစ်ဆင် သိမ်းပိုက်နိုင်ခဲ့တာတွေ ရှိလာတယ်။ ဒါဟာ အင်မတန် ရက်စက်တဲ့ "လူငယ်ချင်း ပြန်တိုက်ခိုင်းတဲ့ ဗျူဟာ" ပါပဲ။ တော်လှန်ရေးဘက်က လူငယ်နဲ့ စစ်တပ်ဘက်က အတင်းအဓမ္မ စုဆောင်းခံရတဲ့ လူငယ်၊ တချိန်က ကျောင်းနေဖက် သူငယ်ချင်းတွေဟာ စစ်မြေပြင်မှာ ပြန်တွေ့ပြီး ပစ်ကြခတ်ကြရတဲ့ အခြေအနေကို သူတို့ ဖန်တီးလိုက်တာပါ။ အင်မတန်မှ ကြေကွဲဝမ်းနည်းဖို့ကောင်းပါတယ်။

နိုင်ငံရေးအရ ကြည့်ရင် စစ်ကောင်စီဟာ မရှုံးတဲ့အပြင် ဒီဥပဒေကို အသုံးချပြီး သူတို့အာဏာကို ဆက်ပြီး ကျားကန်ထားနိုင်ခဲ့တယ်လို့ ပြောရမှာပါ။

တရားဥပဒေ စိုးမိုးရေးလား၊ ဂျီနိုဆိုက် (Genocide) လား

ဒီဥပဒေဟာ စာရွက်ပေါ်မှာ ရေးထားတာနဲ့ လက်တွေ့မြေပြင်မှာ ကျင့်သုံးနေတာ မိုးနဲ့မြေလို ကွာခြားနေပါတယ်။

အထူးသဖြင့် နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ ဥပဒေတွေနဲ့ ချိတ်ဆက်ကြည့်ရင် ဒီကိစ္စက တော်တော်လေး လေးနက်ပါတယ်။ Genocide Convention (ဂျီနိုဆိုက် တားဆီးရေးဆိုင်ရာ ကုလသမဂ္ဂ သဘောတူစာချုပ်) အရ ကြည့်မယ်ဆိုရင် လူမျိုးတမျိုး၊ အုပ်စုတစု၊ နိုင်ငံသားတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်ဆီးပစ်တာ၊ မျိုးဆက်ပြတ်သွားအောင် လုပ်တာတွေဟာ ဂျီနိုဆိုက် (Genocide) မြောက်တဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။

အခု စစ်မှုထမ်းဥပဒေကို အသုံးချပုံက လူငယ်မျိုးဆက် တခုလုံးကို ပစ်မှတ်ထားပြီး ဖျက်ဆီးနေသလို ဖြစ်နေပါတယ်။ လူငယ်တွေကို ရှေ့တန်းပို့ပြီး သေဆုံးစေတာ၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်စေတာ၊ လူသားဒိုင်းအဖြစ် အသုံးပြုတာတွေဟာ သာမန် စစ်မှုထမ်းခေါ်ယူခြင်း မဟုတ်တော့ပါဘူး။ ဒါဟာ နိုင်ငံရဲ့ အနာဂတ်မျိုးဆက်ကို စနစ်တကျ ဖျက်ဆီးပစ်နေတဲ့ (Systematic Destruction) လုပ်ရပ် ဖြစ်တဲ့အတွက် Genocide သဘောသဘာဝ ဆောင်နေပါတယ်။ Crimes Against Humanity (လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု) လည်း မြောက်နေပါတယ်။

စစ်သင်တန်းဆင်းသွားတဲ့ လူငယ် တသိန်းနီးပါးထဲက ဘယ်နှယောက် သေဆုံးသွားပြီလဲဆိုတာ ဘယ်သူမှ အတိအကျ မသိပါဘူး။ တချို့လူငယ်တွေကိုတော့ ရှေ့တန်းမှာသေဆုံးသွားရင် သူတို့အိမ်တွေကို လာရောက်အကြောင်းကြားတယ်။ လျော်ကြေးပေးတယ်။ ဒါပေမဲ့ဒါက လူနည်းစုပါ။ အများစုကတော့ သေသည်၊ ရှင်သည် မသိရတော့ဘဲ မိသားစုနဲ့လည်း အဆက်အသွယ် လုပ်ခွင့်မရတော့ပါဘူး။

မိသားစုတွေ ပြိုကွဲခြင်း

ဒီဥပဒေဟာ လူ့အဖွဲ့အစည်းရဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့ မိသားစုဘဝတွေကို ဘယ်လို ဖြိုခွဲလိုက်သလဲ။

ဒီ ၂ နှစ်တာကာလကို ပြန်ကြည့်လိုက်ပါ။ ရပ်ကွက်ထဲမှာ လူငယ်တွေ သိပ်မရှိတော့ပါဘူး။ လူပျိုရွယ်၊ အိမ်ထောင်သည်ရွယ် အမျိုးသားတွေ ပျောက်ကွယ်သွားပါတယ်။ အိမ်တွေမှာ သက်ကြီးရွယ်အို မိဘတွေနဲ့ ကလေးသူငယ်တွေ၊ အမျိုးသမီးတွေသာ ကျန်ခဲ့တဲ့ မြင်ကွင်းဟာ မြန်မာ့လူမှုဘဝရဲ့ ပုံမှန်မြင်ကွင်းသစ် ဖြစ်လာပါတယ်။ နောက်ထပ် ရင်နာစရာကောင်းတဲ့ အချက်ကတော့ အိမ်ကနေ စွန့်ခွာထွက်ပြေး လွတ်မြောက်သွားတဲ့ လူငယ်တွေပါပဲ။ ဒီဥပဒေကြောင့် နိုင်ငံရဲ့ အဖိုးတန် လူ့စွမ်းအားအရင်းအမြစ်တွေဟာ ရေစီးကမ်းပြိုသလို ပြည်ပကို စီးထွက်သွားခဲ့ရပါတယ်။

ဆရာဝန်၊ အင်ဂျင်နီယာ၊ IT ပညာရှင်၊ ကျောင်းသားလူငယ် အများစုဟာ မိမိတို့ရဲ့ အိပ်မက်တွေကို စွန့်လွှတ်ပြီး နီးစပ်ရာ နိုင်ငံတွေကို တရားဝင်တမျိုး၊ တရားမဝင်တဖုံ ထွက်ခွာသွားကြရပါတယ်။ အခုချိန်မှာ တိုင်းပြည်ထဲ ပြန်ကြည့်လိုက်ရင် လုပ်ငန်းခွင် ဝင်နိုင်တဲ့ လူငယ်ဦးရေ နည်းပါးသွားပါပြီ။ ကျန်နေခဲ့တာက သက်ကြီးရွယ်အိုတွေနဲ့ ကလေးသူငယ်တွေသာ ဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးလိုက်တာပါပဲ။ နောင်တချိန် တိုင်းပြည်ပြန်လည်ထူထောင်မယ် ဆိုရင်တောင် ဦးဆောင်မဲ့ ပညာတတ်လူငယ် မျိုးဆက်တခုလုံး ပျောက်ဆုံးနေတဲ့ ဟာကွက်ကြီးကို ကျနော်တို့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

ဒီဥပဒေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို နေ့စဉ်မြင်ကွင်းတွေမှာ အထင်သားတွေ့နေရပါပြီ။ လူငယ်တွေ လမ်းမပေါ် ထွက်ဖို့ ကြောက်လာကြတယ်။ တော်ရုံတန်ရုံ အပြင်ကို မထွက်ရဲကြတော့ဘူး။ မဖြစ်မနေ သွားရလာရမယ် ဆိုရင်လည်း ရင်တထိတ်ထိတ်နဲ့ သွားနေရတယ်။ ဘယ်နားမှာ ဂိတ်ချထားမလဲ၊ ဘယ်နားမှာ ဆွဲနေလဲ ဆိုတာကို နားစွင့်ပြီးမှ ခြေလှမ်းလှမ်းရတဲ့ ဘဝတွေ ရောက်နေကြတယ်။

အဆိုးဆုံးကတော့ စီးပွားရေးနဲ့ လူမှုဘဝ ရိုက်ခတ်မှုပါပဲ။ အရင်တုန်းက Delivery လုပ်ငန်းတွေမှာ တက်ကြွနေတဲ့ လူငယ်လေးတွေကို တွေ့ရလေ့ရှိတယ်။ အလုပ်သွားအလုပ်ပြန် လူငယ်တွေကို ဟိုတစု၊ ဒီတစု တွေ့ကြရတယ်။ အခုတော့ အဲဒီနေရာတွေမှာ ဘယ်သူတွေ ရောက်လာသလဲ။ ဆံပင်ဖြူဖြူနဲ့ ဦးလေးကြီးတွေ၊ အသက်အရွယ်ရနေတဲ့ မိဘတွေက သူတို့သားသမီးတွေအစား ဝင်ရောက်လုပ်ကိုင်နေကြရတယ်။ ဒါဟာ ဘာကို ပြနေသလဲ။ လူငယ်တွေ အပြင်မထွက်ရဲတော့လို့ မိဘတွေက သားသမီးကို အိမ်မှာဝှက်ပြီး ကိုယ်တိုင် ထွက် အလုပ်လုပ်နေရတဲ့ အခြေအနေကို ပြနေတာပါ။ သားသမီးကို စစ်ထဲပါသွားမှာ ကြောက်လို့ ရင်အုပ်မကွာ စောင့်ရှောက်ရင်း မိဘတွေ ပင်ပန်းဆင်းရဲ ခံနေကြရတာပါ။

အရွယ်ရောက် လူငယ်ဆိုတာ အိမ်တအိမ်မှာ အဓိက ငွေရှာပေးတဲ့သူတွေပါ။ သူတို့ အပြင်မထွက်ရဲတော့တဲ့အခါ၊ အလုပ်မလုပ်နိုင်တော့တဲ့အခါ မိသားစုဝင်ငွေတွေ ထိုးကျကုန်တယ်။ စားဝတ်နေရေး ကျပ်တည်းမှုက အဆပေါင်းများစွာ မြင့်တက်လာတယ်။ ငွေရှိသူက ငွေပေးပြီး လူစားထိုးလို့ ရပေမဲ့ ငွေမရှိတဲ့ ဆင်းရဲသားတွေကတော့ သားသမီးကို စတေးရတဲ့စနစ်ကြောင့် လူတန်းစားကွာဟမှုနဲ့ မကျေနပ်ချက်တွေက အထွတ်အထိပ် ရောက်နေပါပြီ။

နောက်ထပ် ရင်နင့်စရာ ကောင်းတာတခုရှိပါသေးတယ်။ အဲဒါကတော့ ပညာရေးနဲ့ ပတ်သက်တဲ့ အကျပ်အတည်းပါပဲ။ တချို့လူငယ်တွေ၊ ကျောင်းသားတွေဆိုရင် နဂိုတုန်းက စစ်ကျွန်ပညာရေး မယူဘူးဆိုပြီး CDM လုပ်ထားကြတယ်။ ဒါပေမဲ့ ဒီစစ်မှုထမ်းဥပဒေ ဆိုတာကြီး ပေါ်လာတော့ ပြည်ပကိုလည်းမထွက်နိုင်၊ တော်လှန်ရေးအဖွဲ့တွေဆီလည်း မသွားဖြစ်။ မြို့ပေါ်မှာပဲဖြစ်သလိုနေရင်း မလွှဲမရှောင်သာ အခြေအနေ ကြုံလာကြရတယ်။ ကျောင်းသားကတ် ရှိရင်၊ ကျောင်းတက်နေရင် ခဏတာ ကင်းလွတ်ခွင့် ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူတို့ ကျောခိုင်းခဲ့တဲ့ ကျောင်းကို ပြန်တက်နေကြရတယ်။ ဒါဟာ ကိုယ့်ဘဝကို ကိုယ်ကာကွယ်ဖို့၊ အသက်ရှင် ရပ်တည်ဖို့အတွက် မလုပ်ချင်ဘဲ လုပ်လိုက်ရတဲ့ ရွေးချယ်မှုတခုပါ။

အကြောက်တရား၊ စိတ်ဒဏ်ရာနဲ့ ပျောက်ဆုံးသွားတဲ့ မျှော်လင့်ချက်

ဒီဥပဒေဟာ လူငယ်မျိုးဆက်တခုလုံးကို စိတ်ဓာတ်ကျဆင်းမှုနဲ့ စိတ်ဒဏ်ရာတွေ ပေးအပ်လိုက်တာပါပဲ။ ညဘက်ဆိုရင် ခွေးဟောင်သံ ကြားတာနဲ့ လန့်နိုးတတ်တဲ့ အလေ့အထတွေ ကျနော်တို့ဆီမှာ ရှိလာတယ်။ ညနေစောင်းတာနဲ့ ဘယ်အချိန် အလစ်သုတ်ဝင်လာမလဲဆိုတဲ့ သောကတွေ ဖိစီးလာပါတယ်။ တနေကုန် အလုပ်လုပ်ရလို့ ပင်ပန်းရတာတမျိုး၊ ညတိုင်း ပေါ်တာဆွဲ ခံရမှာစိုးလို့ စိတ်ပင်ပန်းရတာတမျိုး။ ဘဝတွေ မလုံခြုံတော့ဘူးဆိုတာ ဒါကပြနေတာပါ။ အခုနောက်ပိုင်းဆိုရင် ညပိုင်းထက် မနက်စောစော၊ နေ့ခင်းကြောင်တောင်၊ နေဝင်ရိုးရီ အချိန်တွေမှာ ဆွဲလာတာကို တွေ့ရပါတယ်။ အပြင်ထွက်တာနဲ့ တန်းပြီး ဆွဲတော့တာဆိုတဲ့ သတင်းတွေ ကြားရတိုင်း ရင်ထဲမှာ မီးစနဲ့ ထိုးသလို ခံစားရတယ်။ ဒါတွေဟာ ရိုးရိုးကြောက်တာ မဟုတ်ပါဘူး။ "Chronic Anxiety" လို့ခေါ်တဲ့ နာတာရှည် စိုးရိမ်ပူပန်မှု ရောဂါပါပဲ။

အထူးသဖြင့် လူငယ်တွေပေါ့။ ကိုယ့်ဘဝကို ကိုယ် ဘယ်လိုပုံဖော်မယ်၊ ဘာလုပ်မယ်ဆိုတဲ့ အိပ်မက်တွေ ရှိခဲ့ကြတဲ့ လူငယ်တွေဟာ တညတည်းနဲ့ အိပ်မက်တွေ ရိုက်ချိုးခံလိုက်ရသလို ခံစားကြရတယ်။ "ငါ့အလှည့် ဘယ်တော့လဲ" ဆိုတဲ့ မေးခွန်းက သူတို့ရဲ့ နေ့စဉ်ဘဝကို ခြောက်လှန့်နေတယ်။

နောက်ပြီး အရေးကြီးတဲ့ အချက်တခုကတော့ စစ်တပ်ထဲ ရောက်သွားတဲ့ လူငယ် ရှစ်သောင်း၊ တသိန်းမှာ အလင်းဝင်လာတဲ့ အရေအတွက်က တအားနည်းနေပါတယ်။ NUG စာရင်းအရ ၂၀၂၅ တနှစ်လုံးမှာမှ အလင်းဝင်သူ ၅၃၆ ဦးပဲ ရှိပါတယ်။ ဒါဟာ ဘာကို ပြနေသလဲဆိုတော့ စစ်တပ်ထဲ ရောက်သွားတဲ့ လူငယ်တွေဟာ သတင်းအမှောင်ချခံထားရတယ်၊ ကြောက်ရွံ့နေရတယ်၊ ဘယ်လို ဆက်သွယ်ရမှန်း မသိဘူး ဖြစ်နေတယ်ဆိုတာပါပဲ။ ဒါဟာ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ပိတ်လှောင်ခံထားရမှု ဘယ်လောက် ကြီးမားလဲဆိုတာ သက်သေပြနေပါတယ်။

နိဂုံးချုပ်

ခြုံငုံပြီး ပြောရမယ်ဆိုရင်တော့ စစ်မှုထမ်းဥပဒေ ၂ နှစ်ပြည့်ဆိုတာဟာ ပြောရိုးပြောစဉ် နေ့ရက် မဟုတ်ပါဘူး။ လူငယ်ထုရဲ့ဘဝကို ဖျက်ဆီးကြောင်း ကြေညာခဲ့တဲ့ နေ့ရက်တခုဖြစ်ပါတယ်။ နိုင်ငံရေးအရကြည့်ရင် စစ်အုပ်စုအမြတ်ထွက်သွားစေခဲ့တယ်။ လူမှုရေးအရ ကြည့်ရင် မိသားစုတွေကို ဖြိုခွဲပြီး တိုင်းပြည်ကို လူမွဲ၊ လူမဲ့ ဖြစ်သွားစေခဲ့တယ်။ ပညာရေးအရကြည့်ရင် ဦးနှောက်ယိုစီးမှုတွေ အများကြီးဖြစ်ပေါ်စေခဲ့တယ်။ ဥပဒေအရ ကြည့်ရင် တရားဥပဒေစိုးမိုးမှုကို ဖျက်ဆီးပြီး လက်နက်အားကိုးမှုကို အားပေးခဲ့တယ်။ ပြည်သူတွေအတွက်တော့ ဘာတခုမှ ကောင်းကွက်မရှိခဲ့ပါ။ နေရင်းထိုင်ရင်း ဘဝတွေပျက်၊ အသက်တွေပျောက်၊ စိတ်ဓာတ်တွေကျ၊ စီးပွားပျက် ဖြစ်တာသာကြုံတွေ့ရပါတယ်။

အခု ကျနော်တို့ ကြုံတွေ့နေရတဲ့ အကြောက်တရားတွေ၊ မိဘတွေ သားသမီးအတွက် ပူပန်နေရတာတွေ၊ လူငယ်တွေ အနာဂတ် ပျောက်ဆုံးနေတာတွေ၊ ဒါတွေအားလုံးဟာ ဒီအာဏာရှင်စနစ် တည်ရှိနေသရွေ့ ဆက်လက် ဖြစ်ပျက်နေဦးမဲ့ ကိစ္စရပ်တွေ ဖြစ်ပါတယ်။ ဒီစနစ် သက်ဆိုးရှည်နေသမျှ ကျနော်တို့ရဲ့ ဒုက္ခတွေကလည်း သက်ဆိုးရှည်နေဦးမှာပါပဲ။

ဒါကြောင့် သက်ဆိုင်ရာ အစုအဖွဲ့တွေ၊ နိုင်ငံရေးခေါင်းဆောင်တွေ၊ တော်လှန်ရေး အင်အားစုတွေ အနေနဲ့ ဒီစစ်မှုထမ်းဥပဒေကို အဓိကထားပြီး ထိထိရောက်ရောက် တိုက်ဖျက်ကြဖို့၊ မဟာဗျူဟာတွေ ချမှတ်ကြဖို့ လိုအပ်နေပါပြီ။ ပေါ်တာအဆွဲခံလိုက်ရတဲ့ လူငယ်တွေ အလင်းဝင်လာအောင် ဗျူဟာကျကျ စီစဉ်ဆောင်ရွက်ပေးဖို့ လိုနေပါပြီ။ သေနတ်ပါရင် သိန်းဘယ်လောက်ပေးမယ် ဆိုတာလောက်နဲ့ မလုံလောက်တော့ပါဘူး။

ကျနော်တို့ရဲ့ တန်ဖိုးရှိလှတဲ့ လူငယ်ထုကြီးဟာ "ပရုတ်လုံးပမာ" လုံးပါးပါးပြီး ပျောက်ကွယ်သွားတော့မဲ့ အခြေအနေဆိုးကြီးကို မလွဲမသွေ ဦးတည်နေပါပြီ။

တင်ဦး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013