Home
မြန်မာသတင်း
မြေရှားတူးဖော်ရာ၌ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းစေရန် ညှိနှိုင်းထားဟု KIO ပြော
DVB
·
February 11, 2026

ကချင်ဒေသ မြေရှားတူးဖော်မှုလုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းအောင် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) က တရုတ်ကုမ္ပဏီတွေနဲ့ ညှိနှိုင်းထားတယ်လို့ ပြောပါတယ်။ 

မြေရှားသုတေသီကတော့ KIO ရဲ့ မြေရှားတူးဖော်မှုဆိုင်ရာ မူဝါဒ လမ်းညွှန်ချက်တွေကို ဆက်လက်လေ့လာစောင့်ကြည့်ဖို့ လိုအပ်တယ်လို့ ထောက်ပြထားပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့် BGF တို့ ထိန်းချုပ်ခဲ့တဲ့ ချီဖွေ၊ ပန်ဝါက မြေရှားလုပ်ကွက်တွေကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ၂၀၂၄ နှစ်ကုန်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီးနောက် အရင်ကတည်းက လုပ်ကိုင်နေတဲ့ တရုတ်ကုမ္ပဏီတွေနဲ့ KIA က လုပ်ငန်းပြန်လည်ပတ်နေတာ တနှစ်ခန့်ရှိပြီလို့ သိရပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ မြေရှားသတ္တုတူးဖော်ရေးမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့နည်းအောင် ထိန်းသိမ်းကာကွယ်တဲ့နည်းလမ်းနဲ့ တူးဖော်သွားဖို့ တရုတ်ကုမ္ပဏီတွေနဲ့ သဘောတူညီမှု ရယူထားတယ်လို့ KIO ဘက်က ပြောဆိုထားတာပါ။

KIO အနေနဲ့ မြေရှားသတ္တုတူးဖော်မှုနဲ့ ပတ်သက်ပြီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ မူဝါဒ လမ်းညွှန်ချက်တွေ ရေးဆွဲထားပေမဲ့ အကောင်အထည်ဖော်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့် အကြံပြုဆွေးနွေးမှု ပြုလုပ်ဖို့ လိုအပ်သလို ဒီမူဝါဒတွေကို ပြည်သူလူထုကို ချပြဖို့လည်း လိုအပ်တယ်လို့ မြေရှားသတ္တုသုတေသီ ကိုဆိုင်းလီက ထောက်ပြပါတယ်။

“ကျနော်တို့လည်း ဒီကိစ္စတွေကို လေ့လာနေတာ။ လေ့လာတွေ့ရှိရသလောက်ဆိုရင် KIO ကနေ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာနဲ့ ပတ်သက်ပြီးတော့ မူဝါဒလမ်းညွှန်ချက်တွေ ရေးဆွဲထားတယ် ဆိုတာမျိုး တွေ့ရပါတယ်။ နောက် မြေပြင်မှာ ကွင်းဆင်းလေ့လာတဲ့အခါမှာလည်း အခုနောက်ပိုင်းမှာ KIO ဝန်ထမ်းတွေက မြေရှားသတ္တုတွင်းတွေထဲကို မကြာမကြာ ကွင်းဆင်း စစ်ဆေးတာတွေ၊ နောက် အလုပ်သမားတွေကိုလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်စေတဲ့ အလုပ်မျိုးတွေ သိပ်မလုပ်ဖို့ ဆိုတဲ့ဟာမျိုး လာပြောဆိုတာတွေ ရှိတယ်ဆိုတာမျိုး တွေ့ရပါတယ်။ ဒါပေမဲ့ လက်တွေ့ကျကျ မြေရှားသတ္တုတူးဖော်တဲ့ ဒေသတခုလုံးကို ထိန်းချုပ်နိုင်ဖို့အတွက်ကတော့ အင်မတန်မှ ခက်လိမ့်မယ်။ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းအောင် ကြိုးစားမှုတခုအနေနဲ့ မြင်တယ်။ အထူးသဖြင့်ကတော့ မူဝါဒရေးဆွဲပြီးတော့ အကောင်အထည်ဖော်တဲ့နေရာမှာ ကျယ်ကျယ်ပြန့်ပြန့် အကြံပြု ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ လိုအပ်တယ်။ နောက်တခုက ဒီမူဝါဒတွေကို အများပြည်သူ သိရှိနိုင်အောင် published လုပ်ဖို့လိုတယ်။”

လက်ရှိ ချီဖွေ၊ ပန်ဝါ ဒေသက မြေရှားသတ္တုလုပ်ငန်းတွေဟာ အရင်က ပြည်သူ့စစ်နဲ့ လက်တွဲခဲ့တဲ့ တရုတ်ကုမ္ပဏီက KIO ရဲ့ ပေါ်လစီအတိုင်း သဘောတူလိုက်နာပြီး ဆက်လက်တူးဖော်နေတာလို့ သိရပါတယ်။

ချီဖွေ၊ ပန်ဝါဒေသရှိ မြေရှားသတ္တတူးဖော်ရေး လုပ်ငန်းတွေမှာ သဘာ၀ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု လျော့ကျအောင် KIO က လုပ်ကွက်တွေကို ကွင်းဆင်းစစ်ဆေးတာမျိုး ပြုလုပ်တယ်လို့လည်း မြေရှားလုပ်သားတယောက်က ပြောပါတယ်။

“KIA ဘက်က တလတခါလောက် လာစစ်တာမျိုးရှိတယ်။ တောင်တွေပြောင်အောင် မခုတ်ဖို့တို့ လာပြောတယ်။ တရုတ်တွေက တောင်တွေကို အပြောင်ရှင်းတာ။ တချို့တောင်တွေက အပြောင်ရှင်းပြီးသွားပြီ။ KIA က တလကို တကြိမ်လောက် လာစစ်ဆေးတာရှိတယ်။ ကုမ္ပဏီတွေထဲတော့ အသေးစိတ် စစ်ဆေးတာလားတော့ သေချာမသိဘူး။”

ဗိုလ်မှူးကြီးနော်ဘူ ပြောဆိုချက်အရ ချီဖွေ၊ ပန်ဝါဒေသမှာ မြေရှားသတ္တုတူးဖော်ဖို့ ကုမ္ပဏီအသစ် ထပ်သွင်းတာမျိုး၊ လုပ်ကွက်ဧရိယာနဲ့ လုပ်ကွက်အသစ်တွေ ချမှတ်ပေးတာမျိုး၊ အသစ်ထပ်တိုးချဲ့တာမျိုးတွေတော့ မရှိသေးဘူးလို့ သိရပါတယ်။

မြေရှားတူးဖော်မှုကြောင့် သဘာဝပတ်ဝန်းကျင်နဲ့အတူ သက်ရှိတွေပါ အဆိပ်သင့်တဲ့ ဘေးထွက်ဆိုးကျိုးကို ခံစားရမယ်လို့ သုတေသနတွေက ဖော်ပြနေပါတယ်။

အဆိပ်တွေကြောင့် လေထု၊ ရေထုနဲ့ မြေထုကို ပျက်စီးစေခဲ့ပြီး မြေကြီးပေါ်မှာ သီးနှံနဲ့ နှစ်ရှည်ပင်တွေ မရှင်သန်နိုင်တော့တာကြောင့် ဒေသခံတွေရဲ့ စီးပွားရေးထောက်တိုင်တွေကို ပျက်စီးစေခဲ့ပါတယ်။

မြေရှားသတ္တုတူးဖော်ရေးလုပ်ငန်းတွေ စတင်လာပြီးနောက် မြေရှားသန့်စင်တဲ့ အက်ဆစ်ရေတွေဟာ အနီးအနားက ဒေသခံတွေရဲ့ ဒေသတွင်း ချောင်းရေတွေ စီးဝင်လို့ ချောင်းရေတွေ တိမ်ကောလာသလို ရေထဲမှာ အညစ်အကြေးများလာတဲ့ဒဏ်ကို ဒေသခံတွေက ခံစားလာရတာ ဖြစ်ပါတယ်။

“အထူးသဖြင့်က တူးဖော်ပြီးနောက်ပိုင်းမှာထက် မတူးဖော်ခင်ကတည်းက ဒီမြေရှားတူးဖော်မဲ့နေရာ ပတ်ဝန်းကျင်ကို EIA, SIA ဒါမျိုးတွေကို စနစ်တကျ ဆောင်ရွက်သင့်တယ်။ နောက်တခုက ခွင့်ပြုချက်ပေးတဲ့ အချိန်မှာလည်း သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဘယ်လောက်ရှိသလဲ ဒါမျိုးတွေကို အချိန်မှန်မှန် ကွင်းဆင်းစစ်ဆေးဖို့ လိုအပ်တယ်။ တကယ်တူးပြီးတဲ့အခါမှာလည်း ကုမ္ပဏီတွေဟာ စည်းမျဉ်းစည်းကမ်းနဲ့အညီ တူးဖော်သလား၊ နောက်တခု သူတို့တူးဖော်ပြီးသွားတဲ့ ကျင်းတွေ စွန့်ပစ်ပစ္စည်းတွေကို ဘယ်လို စနစ်တကျထားသလဲ၊ ဒါတွေကိုလည်း အမြဲတမ်း စောင့်ကြည့်ဖို့ လိုအပ်တယ်” လို့ မြေရှားသတ္တုသုတေသီ ကိုဆိုင်းလီက ပြောပါတယ်။

လက်ရှိအစိုးရအနေနဲ့ သယံဇာတ ရင်းနှီးမြှုပ်နှံမှု စီမံခန့်ခွဲရေး ကျင့်ဝတ် ၁၂ ပါးအရ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ယူမှုတွေ လိုအပ်နေပေမဲ့လည်း ကချင်ဒေသရှိ မြေရှားတူးဖော်ရေးမှာ အစိုးရဘက်က အသိပေးမှုနဲ့ တာဝန်ခံမှု မရှိသလောက် နည်းနေဆဲ ဖြစ်ပါတယ်။

မြေရှားတူးဖော်မှုကို ဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်တယ်လို့ ပြောကြပေမဲ့ အဲဒီဖွံ့ဖြိုးရေးအောက်မှာ ဒေသခံပြည်သူတွေရဲ့ ဘဝ၊ သဘာဝပတ်ဝန်းကျင်နဲ့ ရေအရင်းအမြစ်တွေကတော့ တဖြည်းဖြည်း ပျက်စီးလာနေပါတယ်။

KIO ထိန်းချုပ်နယ်မြေတွေက မြေရှားတူးဖော်မှုလုပ်ငန်း မူဝါဒ ချမှတ်တာတွေက တိုးတက်လာတဲ့ အခြေအနေတခု ဖြစ်ပေမဲ့ ရှေ့ဆက်စောင့်ကြည့်ရမဲ့ အခြေအနေဖြစ်တယ်လို့ မြေရှားသုတေသီ ကိုဆိုင်းလီက ပြောပါတယ်။

“မြေရှားတူးတဲ့နေရာမှာက chemical တွေ သုံးစွဲတဲ့ကိစ္စမျိုးတွေ၊ စနစ်တကျ စွန့်ပစ်တဲ့ကိစ္စမျိုးတွေ အရမ်းလည်း အန္တရာယ်များတယ်။ ဒါကြောင့် သေချာစောင့်ကြည့်ရမယ်။ ကျနော်တို့ ကချင်ပြည်နယ်မှာက အထူးသဖြင့် ဓာတ်ခွဲခန်းမရှိဘူး၊ ပညာရှင်တွေ မရှိတဲ့အခါကျတော့ ဒီမြေရှားတူးဖော်မှု စွန့်ပစ်ပစ္စည်းကနေ ရောက်လာတဲ့ဟာပေါ့၊ ဒီဒေသပတ်ဝန်းကျင်တခုလုံးမှာ ထိခိုက်တဲ့ဟာတွေ၊ မြစ် ချောင်း အင်း အိုင်ထဲကို ထိခိုက်တဲ့ဟာတွေ အချိန်နဲ့တပြေးညီ တိုင်းတာပြီး အများပြည်သူကို ထုတ်ပြန်နိုင်ခြင်း မရှိဘူး။ ဒါကြောင့် ဘယ်လောက်အတိုင်းအတာထိ ဒီဆိုးကျိုးက ရှိနေတယ်ဆိုတဲ့ဟာ ကျနော်တို့က အတိအကျ ပြောနိုင်ဖို့ရာ အခုအချိန်မှာ အရမ်းအခက်အခဲ ဖြစ်နေတယ်။ KIO အနေနဲ့ ကြားထဲမှာ တိုးတက်မှုဆိုရင် မူဝါဒတွေကို ပြဋ္ဌာန်းပြီးတော့ တရုတ်ရင်းနှီးမြှုပ်နှံတဲ့သူတွေနဲ့ ညှိနှိုင်းထားတယ်ဆိုတဲ့ KIO ရဲ့ ပြောဆိုချက်တွေ၊ နောက် ဟိုးအရင်ကတည်းကလည်း KIO က မြေရှားတူးဖော်မှုနဲ့ ပတ်သက်ပြီး သူတို့မှာ strict rules ရှိတယ်။ ဒါပေမဲ့ ဒီပေါ်လစီမူဝါဒတွေကို အများပြည်သူလေ့လာနိုင်အောင် လုပ်ဆောင်ထားတာတော့ သိပ်ပြီး မတွေ့ရဘူး။ ဒီအပိုင်းမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုတာ တွေ့ရတယ်။ ဘာပဲဖြစ်ဖြစ် ဒီထုတ်ဖော်ပြောဆိုမှုတွေက အရင်ကထက်စာရင် တိုးတက်လာတဲ့ အခြေအနေတခုတော့ ဖြစ်ပါတယ်။”

KIO အနေနဲ့ ချီဖွေ၊ ပန်ဝါဒေသမှာ မြေရှားသတ္တုတူးဖော်ပြီး ဒေသခံပြည်သူအကျိုးအတွက် အရေးပါတဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လမ်းတံတားတွေအတွက်လည်း တာဝန်ယူ လုပ်ဆောင်ပေးနိုင်ဖို့ ပေါ်လစီတွေလည်း ချမှတ်ထားတယ်လို့ သိရပါတယ်။

ချီဖွေ၊ ပန်ဝါဒေသမှာ တူးဖော်နေတဲ့ မြေရှားသတ္တုအားလုံးကို လက်ရှိအချိန်ထိလည်း တရုတ်နိုင်ငံကို ဆက်လက်တင်သွင်းနေဆဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ်ရှိ ချီဖွေ၊ ပန်ဝါဒေသကို ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ကုန်ပိုင်းမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး လက်ရှိ ကချင်ဒေသရှိ မြေရှားလုပ်ကွက်အားလုံးကို KIA က ထိန်းချုပ်ထားပါတယ်။

ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013