
ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) က စစ်ရေးအရ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ နယ်မြေတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ခိုင်မာအောင် တည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ ဖေဖော်ဝါရီ ၅ ရက် ဒီနေ့ကျရောက်တဲ့ ၆၅ နှစ်မြောက် ကချင်တော်လှန်ရေးနေ့ မိန့်ခွန်းမှာ KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသလို စစ်မြေပြင်က အောင်မြင်မှုတွေကို ခိုင်မာတဲ့ နိုင်ငံရေးအောင်မြင်မှု ဖြစ်ဖို့အတွက် နည်းလမ်းရှာ တည်ဆောက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် KIO ထိန်းချုပ်နယ်မြေတွေမှာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ဖို့နဲ့ မိမိရပ်ရွာ ဒေသတွေမှာ (အွန်လိုင်းငွေလိမ်လုပ်ငန်း) ကျားဖြန့်လုပ်ငန်းတွေ အခြေမချလာဖို့အတွက် အားလုံး ဝိုင်းဝန်းကာကွယ်ကြဖို့အတွက်ကိုလည်း တိုက်တွန်းခဲ့ပါတယ်။
KIO/KIA အနေနဲ့ လက်ရှိ နွေဦးတော်လှန်ရေးမှာ ရှေ့တန်းကနေ ဦးဆောင်ပါဝင်နေမှုအပေါ် ဂုဏ်ပြု အသိအမှတ်ပြုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကချင်တော်လှန်ရေးနေ့ အခမ်းအနားကို ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်က ဆွမ်ပရာဘွမ်၊ အင်ဂျန်းယန်၊ ချီဖွေ၊ ဆော့လော်၊ ဖီမော်၊ ပန်ဝါ၊ ကန်ပိုက်တည်၊ ဆဒုံး၊ ဒေါ့ဖုန်းယန်၊ ဆင်ဘို၊ မြို့လှ၊ မံစီ၊ မိုးမောက်မြို့တွေနဲ့ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်မြို့တို့ကို သိမ်းပိုက်ထားပြီး မြေရှားသတ္တတွင်းတွေ အပါအဝင် တရုတ်နဲ့ အန္ဒိယကို ဆက်သွယ်ရာမှာ အရေးပါတဲ့ လီဒိုလမ်းပိုင်း တချို့တဝက်ကိုလည်း KIO က ထိန်းချုပ်ထားတာပါ။
လက်ရှိအချိန်ထိ ဗန်းမော်၊ ဝိုင်းမော်၊ ဖားကန့်၊ မိုးညှင်းဘက်တွေမှာ KIA ပူးပေါင်းတပ်တွေ ထိုးစစ်ဆင် တိုက်ခိုက်နေပြီး ဒီလထဲမှာပဲ နယ်မြေတချို့နဲ့ စစ်ကောင်စီတပ်စခန်းတချို့ကို သိမ်းပိုက်ထားတာ ဖြစ်ပါတယ်။


