ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ရဲ့ မြောက်ပိုင်းနဲ့ တောင်ပိုင်းတိုင်း အုပ်ချုပ်ရေးဌာနအတွင်းက အမှုထမ်း စုံတွဲ ၂၀ ကို စုပေါင်းပြီး ဇန်နဝါရီ ၁၀ ရက်နဲ့ ၂၇ ရက်မှာ ထိမ်းမြားမင်္ဂလာပွဲ ပြုလုပ်ပေးခဲ့တယ်လို့ KIA ရဲ့ သတင်းဌာန The Kachin Net မှာ ဖော်ပြပါတယ်။
စစ်ရေး၊ နိုင်ငံရေး အခြေအနေနဲ့ အကျပ်တည်းတွေကြောင့် ခရစ်ယာန် ထုံးတမ်းအစဉ်လာအတိုင်း ဆုတောင်းမင်္ဂလာပွဲ မပြုလုပ်ရသေးတဲ့ KIA စစ်သားနဲ့ အုပ်ချုပ်ရေး ဝန်ထမ်းတွေကို စုပေါင်းပြီး မြောက်ပိုင်းတိုင်း အုပ်ချုပ်ရေးနယ်မြေမှာ စုံတွဲ ၁၆ တွဲနဲ့ တောင်ပိုင်တိုင်း အုပ်ချုပ်ရေးနယ်မြေမှာ စုံတွဲ ၄ တွဲကို KIO အစိုးရကနေ မင်္ဂလာဆောင်ပွဲ ပြုလုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။
မင်္ဂလာပွဲကို KIO/KIA အုပ်ချုပ်ရေး အရာရှိတွေ၊ ရပ်မိရပ်ဖတွေနဲ့ ဒေသခံတချို့ တက်ရောက် ချီးမြှင့်ခဲ့ပါတယ်။
အလားတူ စစ်ရေး၊ နိုင်ငံရေး အကျပ်တည်းကြောင့် ဆုတောင်းမင်္ဂလာ မပြုလုပ်ရသေးတဲ့ KIO/KIA အမှုထမ်းတွေကို စုပေါင်းပြီး ထိမ်းမြားမင်္ဂလာပွဲကို KIO က ဦးစီးပြီး နှစ်စဉ် ပြုလုပ်ပေးတာ ဖြစ်ပါတယ်။





