
မြန်မာ့စစ်အုပ်စုက ကျူးလွန်နေတဲ့ လူသေဆုံးစေတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကမ္ဘာကြီးက လျစ်လျူရှုထားတဲ့အကြောင်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောပါတယ်။
စစ်အုပ်စုက တဖက်သတ်ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပြီး ရက်ပိုင်းအကြာ လက်နက်ကိုင်ခေါင်းဆောင်ရဲ့ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအကြိမ် မီဒီယာတွေနဲ့ တွေ့ဆုံချိန်မှာ ရိုက်တာသတင်းဌာနကို ခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။
“အရပ်သားတွေ ဒုက္ခရောက်နေကြရပါတယ်။ ဒါကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ လျစ်လျူမရှုထားဖို့ ကျနော် လိုလားပါတယ်။ အခုခေတ်မှာ ဘယ်သူ့ကို အားကိုးရမလဲ ဆိုတာတောင် ကျနော်တို့ မတွေးနိုင်တော့ဘူး။”
မြန်မာ့ငြိမ်းချမ်းရေးစောင့်ကြည့်မှုအဖွဲ့ (Myanmar Peace Monitor) ရဲ့ အချက်အလက်တွေအရ ၁၅ လအတွင်း အရပ်သားရှိရာနေရာပေါင်း ၁,၀၀၀ ကျော်ကို ထိမှန်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကိုးကားပြီးတော့ မြန်မာစစ်တပ်ဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေချိန်မှာ ကမ္ဘာကြီးက မငြိမ်မသက်မှုတွေကို ရပ်တန့်ဖို့ ပျက်ကွက်ခဲ့ကြောင်း သူက ဆက်ပြီးတော့ ပြောလိုက်တာပါ။
မြန်မာနိုင်ငံမှာတော့ ပထမဆုံး ဒီမိုကရေစီအစိုးရဖြစ်တဲ့ ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း တနိုင်ငံလုံး အတိုင်းအတာနဲ့ ပဋိပက္ခတွေအတွင်း နစ်မွန်းနေခဲ့ရသလို ၂၀၂၄ ခုနှစ် နှောင်းပိုင်းကစလို့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး အရပ်သား ၁,၇၂၈ ယောက် သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။
ဗိုလ်ချုပ်ကြီး ယွက်စစ်ကတော့ မြန်မာ့လက်နက်ကိုင်အဖွဲ့အစည်းတွေအကြား ယုံကြည်မှု တည်ဆောက်ဖို့ တိုက်တွန်းခဲ့ပြီး စစ်ပွဲအဆုံးသတ်ဖို့အတွက် စစ်တပ်နဲ့ နိုင်ငံရေးအရ ဆွေးနွေးမှုတွေ လိုအပ်နေသေးကြောင်းလည်း ဖြည့်စွက် ပြောကြားထားပါတယ်။
ဒါ့အပြင် သူက ဖြုတ်ချခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ချီးကျူးစကားပြောခဲ့ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဝေဖန်ကာ မြန်မာ့မငြိမ်မသက်မှုတွေက “တဦးတယောက်ရဲ့ ဆန္ဒကို လူထုအလိုထက် အလေးပေးတဲ့ အတ္တ၊ မာန်မာနနဲ့ လောဘတို့က တွန်းအားပေးတဲ့ ခေါင်းဆောင်မှု” ကြောင့် ဖြစ်တယ်လို့ ပြစ်တင်လိုက်တာပါ။
ဒါ့အပြင် တရုတ်နိုင်ငံနဲ့ ပတ်သက်ပြီးတော့လည်း “မြန်မာနိုင်ငံထဲကို ဝင်ရောက်စွက်ဖက်တဲ့ နိုင်ငံတနိုင်ငံ ရှိပါတယ်။ အဲဒါက တရုတ်တနိုင်ငံတည်းသာ ဖြစ်ပါတယ်” လို့ သူက ဖြေကြားခဲ့ပြီး အသေးစိတ် အခြေအနေတွေကိုတော့ ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်ချက်တခုမှာတော့ တရုတ်နိုင်ငံက “ပြည်တွင်းငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်တွေမှာ အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ကာလရှည်ကြာ ပါဝင်ခဲ့ပြီး မြန်မာ့လူ့အဖွဲ့အစည်းရဲ့ ကဏ္ဍအားလုံးနဲ့ နိုင်ငံတကာ အသိုက်အဝန်းဆီက အသိအမှတ်ပြုမှုကို ရရှိထားတယ်” လို့ ဖော်ပြထားခဲ့သလို တရုတ်နိုင်ငံအနေနဲ့ ဆွေးနွေးပွဲနဲ့ ပြန်လည်သင့်မြတ်ရေးကို အားကောင်းစေမဲ့ အဖွဲ့အစည်းတွေကို ထောက်ခံအားပေးကြောင်း ထပ်လောင်းပြောကြားထားခဲ့တာကို တွေ့ရပါတယ်။


