စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲကို ဇန်နဝါရီ ၂၇ ရက် နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ လူနေအိမ်တွေ ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒေသခံတယောက်က “ကောလင်းရဲ့ အရှေ့ဘက်ခြမ်းမှာရှိတဲ့ ပေကုန်းရွာကို လေကြောင်းတိုက်ခိုက်ခံရတာပါ။ လူနေအိမ်တချို့ ပျက်စီးကုန်တယ်လို့ သိရပါတယ်ဗျ” လို့ ပြောပါတယ်။
တံတားဦးလေတပ်က တက်လာတဲ့ စစ်ကောင်စီတပ်ရဲ့ ဂျက်ဖိုက်တာလေယာဥ်ဟာ အဆိုပါ ပေကုန်းကျေးရွာကို ဗုံးတလုံး ကြဲချသွားခဲ့တဲ့အပြင် အသေခံဒရုန်း ၂ စီးနဲ့လည်း ဗုံးကြဲ တိုက်ခိုက်သွားသေးတယ်လို့ ဆိုပါတယ်။
Kawlin Info ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက “ပေကုန်းမှာ တိုက်ပွဲဖြစ်နေတာမရှိဘဲနဲ့ အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခံရတာပါ။ အဲဒီရွာက ပြည်သူတွေကတော့ စစ်ဘေးရှောင်နေကြလို့ နေအိမ် ၄၊ ၅ လုံးလောက် ပျက်စီးပြီး အိမ်မွေးတိရစ္ဆာန်တချို့ သေဆုံးတာကလွဲပြီး ပြည်သူထိခိုက်တာမျိုး မရှိပါဘူး” လို့ ပြောပါတယ်။
ကောလင်းမြို့နယ်အရှေ့ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ် လက်အောက်ခံ ဝန်းသိုအခြေစိုက် ခမရ ၁၁၁ နဲ့ ၁၂၀ တပ်တွေက အင်အား ၁၅၀ ကျော်ပါတဲ့ မြေပြင်ကလည်း စစ်ကြောင်းထိုး ဝင်ရောက်နေတာကြောင့် ဒေသခံပြည်သူတွေ တိမ်းရှောင်နေကြရတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စစ်တပ်က ဇန်နဝါရီ ၂၄ ရက် ညနေ ၆ နာရီဝန်းကျင်ကလည်း ကောလင်းမြို့နယ် အရှေ့ခြမ်းက ရှမ်းကုန်းကျေးရွာကို ဂျက်လေယာဉ်နဲ့ ဗုံးကြဲသွားခဲ့လို့ ဒေသခံ အသက် ၅၀ ကျော်အရွယ် အမျိုးသားတယောက် သေဆုံးခဲ့သလို ပြည်သူ ၃ ယောက်ထက်မနည်းလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပြီး လူနေအိမ်တွေလည်း ပျက်စီးခဲ့ပါတယ်။
ဇန်နဝါရီ ၂၃ ရက် ညနေ ၅ နာရီဝန်းကျင်ကလည်း ကောလင်းအရှေ့ခြမ်းက ဝက်စားကုန်းကျေးရွာကို ဂျက်ဖိုက်တာတစီးနဲ့ ၂ ကြိမ် ဗုံးကြဲချခဲ့တဲ့အပြင် အသေခံဒရုန်းတွေနဲ့လည်း ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့လို့ လူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း ဆိုပါတယ်။
ကောလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေဟာ ကောလင်းမြို့နယ် အရှေ့ဘက်ခြမ်းမှာ ရှိကြတဲ့ ဒေသခံပြည်သူတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေ ဘေးကင်းလုံခြုံစေဖို့ စစ်ကောင်စီတပ်ရဲ့ မြေပြင်စစ်ကြောင်းအပြင် လေကြောင်းအန္တရာယ် သတိပေးချက်တွေကိုလည်း ဆက်တိုက် ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။




