Home
မြန်မာသတင်း
လေကြောင်းတိုက်ခိုက်မှုကြားက ဂန့်ဂေါ ကျောင်းများတွင် ပြိုင်ပွဲများကျင်းပ
DVB
·
December 31, 2025

လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေတဲ့ကြားထဲကပဲ မကွေးတိုင်း၊ ယောဒေသ၊ ဂန့်‌ဂေါမြို့နယ်မှာ စုပေါင်းဦးဆောင်မှု၊ တီထွင်ဖန်တီးမှုတွေ ပါဝင်တဲ့ မြို့နယ်အဆင့် သင်ထောက်ကူပစ္စည်းပြိုင်ပွဲ ပြုလုပ်ခဲ့တယ်လို့ ဆရာ၊ ဆရာမတွေဆီကနေ သိရပါတယ်။

၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှာ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့က ဦးဆောင်ပြီး မြို့နယ်အဆင့် သင်ထောက်ကူပစ္စည်းပြိုင်ပွဲနဲ့ ဆောင်းရာသီ အားကစားပြိုင်ပွဲကိုလည်း အုပ်စုအဆင့် ယှဉ်ပြိုင်ခဲ့ကြပြီး ဆုချီးမြှင့်ပွဲတွေလည်း ပြုလုပ်ခဲ့ကြတာပါ။

သင်ထောက်ကူပြိုင်ပွဲကိုတော့ စွန့်ပစ်ပစ္စည်းတွေ၊ တန်ဖိုးနည်းပစ္စည်းတွေကို တန်ဖိုးရှိတဲ့ ပစ္စည်းတွေအဖြစ် ပြန်လည်အသုံးချနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ပြိုင်ပွဲပြုလုပ်ခဲ့တာလို့ သိရပါတယ်။

ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံက “ပထမရည်ရွယ်ချက်ကတော့ စုပေါင်းဦးဆောင်မှုကို ဆောင်ရွက်တတ်စေဖို့ ရည်ရွယ်ပါတယ်။ ဒုတိယရည်ရွယ်ချက်ကတော့ တီထွင်ဖန်တီးမှုတွေ တိုးတက်ဖို့ ရည်ရွယ်ပါတယ်” လို့ ပြောပါတယ်။

ဂန့်ဂေါမြို့နယ်မှာ ကြားကာလ ပညာရေးဖော်ဆောင်ပြီး ၅ နှစ်အတွင်း အခြေခံပညာကျောင်းတွေကနေ တဆင့် အဆင့်မြင့်ပညာရေးကို ဆက်လက်သင်ကြားနေနိုင်ပြီလို့ ဂန့်ဂေါမြို့နယ် ပညာရေးဘုတ်အဖွဲ့တာဝန်ခံက ပြောပါတယ်။

စစ်တပ်က မကွေးတိုင်းထဲကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက် ပြုလုပ်နေတဲ့အတွက် ဂန့်ဂေါမြို့နယ်မှာတော့ ကြားကာလပညာရေးကို မကြာခဏ ယာယီရပ်နားရတာ ရှိတယ်လို့လည်း ဆရာ ဆရာမတွေက‌ ပြောပါတယ်။

ဒါပေမဲ့လည်း ပညာရေး အဆက်မပြတ်စေဖို့အတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်တွေ ပြုလုပ်ပြီး စာသင်ကြားနေရတယ်လို့ ဆရာမတယောက်က ပြောပါတယ်။

“ပညာရေးအဖွဲ့တွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး ဝန်ကြီးဌာနက လမ်းညွှန်တဲ့အတိုင်း ဆောင်ရွက်နေပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ ရှိနေပေမဲ့ တတ်နိုင်သမျှ အန္တရာယ်ကင်းအောင် ဆက်သွယ်ပြီး သင်ကြားပေးနေပါတယ်။ မြေပြင်ကျောင်းတွေ စဖွင့်တုန်းက အဆင်မပြေခဲ့ပေမဲ့ ၅ နှစ်ကြာလာတဲ့အခါမှာ မိဘအဖွဲ့အစည်းများရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကြောင့် ပညာရေးနဲ့ အလှမ်းဝေးသွားတဲ့ ကလေးတွေဟာ အရင်ကထက် ပိုကြိုးစားလာတာကြောင့် ပညာသင်ကြားမှု တိုးတက်လာပါတယ်။ တက္ကသိုလ်တွေလည်း အွန်လိုင်းရော မြေပြင်ကပါ ရှိနေတဲ့အတွက် ကလေးတွေမှာ ရည်မှန်းချက်ပန်းတိုင် ရှိလာပြီဖြစ်လို့ စာတွေ ပိုကြိုးစားလာတာ တွေ့ရပါတယ်။”

ဂန့်ဂေါမြို့နယ်မှာ ကြားကာလ စာသင်ကျောင်းပေါင်း ၉၇ ကျောင်း ဖွင့်လှစ်ပြီး ကျောင်းသားကျောင်းသူ ၁၅,၀၀၀ ကျော်ကို ပညာသင်ကြားပေးနေတယ်လို့ သိရပါတယ်။

သီရိ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013