
ဆီနီဂေါနိုင်ငံရဲ့ မြို့တော် ဒါကာမှာရှိတဲ့ ထိပ်တန်းတက္ကသိုလ်တခုမှာ ကျောင်းသားထောက်ပံ့ကြေး မရရှိတာနဲ့ ပတ်သက်ပြီး ဆန္ဒပြပွဲတွေ ပြင်းထန်လာရာကနေ ဖေဖော်ဝါရီ ၉ ရက်က အဆောက်အအုံတခု မီးလောင်ကျွမ်းခဲ့ပြီး ပြတင်းပေါက်တွေကနေ လူတွေ အောက်ကိုပြုတ်ကျနေကြတာကို ရိုက်ကူးမိထားတဲ့ ရုပ်သံဖိုင်တွေလည်း လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။
အစိုးရက ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းမှာ ထုတ်ပြန်တဲ့ ကြေညာချက်အရ ဒီဆူပူမှုအတွင်း ကျောင်းသားတယောက် သေဆုံးခဲ့တယ်လို့ အတည်ပြုထားပါတယ်။
ဒီဆန္ဒပြပွဲတွေဟာ အစိုးရက ကျောင်းသားထောက်ပံ့ကြေးတွေကို ပေးချေဖို့ ရက်သတ္တပတ်ပေါင်းများစွာ နှောင့်နှေးကြန့်ကြာနေခဲ့ရာကနေ ရက်သတ္တပတ်များစွာ မငြိမ်မသက်မှုတွေ ဖြစ်ခဲ့ရာကနေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ ထိပ်တိုက်တွေ့ဆုံတဲ့အထိ အခြေအနေတွေ ဆိုးရွားလာခဲ့တာပါ။
၂၀၂၄ ခုနှစ်၊ ဧပြီလမှာ တက်လာတဲ့ ဆီနီဂေါ အစိုးရသစ်ဟာ အာဖရိကရဲ့ အပြင်းထန်ဆုံး ဖုံးကွယ်ထားတဲ့ ကြွေးမြီအကျပ်အတည်းတွေထဲက တခုဖြစ်တဲ့ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံလောက်ရှိတဲ့ ဘတ်ဂျက်လိုငွေပြမှုနဲ့ ရင်ဆိုင်နေရပါတယ်။
ဆီနီဂေါအစိုးရအနေနဲ့ ပေးချေရမဲ့ အကြွေးတွေနဲ့ အသုံးစရိတ်တွေကို မပေးနိုင်တော့တာကြောင့် ပြည်သူတွေအကြား မကျေနပ်မှုတွေ ပိုမိုမြင့်တက်နေတာ ဖြစ်ပါတယ်။
Source: Reuters


