Home
နိုင်ငံတကာ
အစ္စလာမ်ဆန့်ကျင်ရေးဆန္ဒပြပွဲ၌ ဓားဖြင့်တိုက်ခိုက်ခဲ့သူကို ဂျာမန်တရားရုံးက ထောင်ဒဏ်တသက် ချမှတ်
DVB
·
September 17, 2025
Photo: THOMAS KIENZLE/Pool via REUTERS

ဂျာမနီနိုင်ငံအနောက်ပိုင်း၊ မန်ဟိုင်းမ်မြို့မှာ ပြီးခဲ့တဲ့နှစ်က အစ္စလာမ်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာ ရဲအရာရှိတယောက် သေဆုံးပြီး လူ ၅ ယောက်ကို ထိခိုက်ဒဏ်ရာရရှိစေမှုအတွက် ပြစ်မှုကျူးလွန်တဲ့ အစ္စလာမ္မစ်အစွန်းရောက်လို့ သံသယရှိသူ အာဖဂန်နိုင်ငံသားတယောက်ကို စတုဂတ်မြို့ရှိ ဂျာမန်တရားရုံးက စက်တင်ဘာ ၁၆ ရက်မှာ ထောင်ဒဏ်တသက် ချမှတ်ခဲ့ပါတယ်။

ပုဂ္ဂိုလ်ရေးကာကွယ်မှုအဖြစ် ဆူလိုင်မန်အေလို့ပဲ နာမည်ပေးထားတဲ့ အသက် ၂၆ နှစ်အရွယ် တရားခံဟာ ၂၀၂၄ ခုနှစ် မေလနှောင်းပိုင်းက Pax Europa အစ္စလာမ်ဆန့်ကျင်ရေးအုပ်စုက စီစဉ်တဲ့ မန်ဟိုင်းမ်မြို့ ဆန္ဒပြပွဲတခုအတွင်း အမဲလိုက်ဓားကြီးတလက်ကို အသုံးပြုပြီး လူတွေကို တိုက်ခိုက်မှုကြောင့် အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပါတယ်။

ဆူလိုင်မန်အေဟာ အခမ်းအနားနေရာမှာ ဟောပြောသူတယောက်နဲ့ ဆန္ဒပြသူ အများအပြားကို တိုက်ခိုက်ခဲ့ပြီးနောက် ကူညီဖို့ ပြေးလာခဲ့တဲ့ ရဲအရာရှိတယောက်ကိုလည်း ဓားနဲ့ထိုးသတ်ခဲ့တာပါ။ နောက်ပိုင်းမှာ ရဲအရာရှိဟာ ဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့ပါတယ်။

တရားရုံးရဲ့ တွေ့ရှိချက်တွေအရ တရားခံဟာ အစွန်းရောက် အစ္စလာမ္မစ် ယုံကြည်မှုတွေကြောင့် ရဲအရာရှိ ရိုဗန်လောက်ရ်ကို သတ်ပစ်ခဲ့ပြီး အခြေခံအကြောင်းရင်းအတွက် သတ်တာလည်း ဖြစ်ကြောင်း အစိုးရရှေ့နေချုပ် ဗယ်ရဲနာ ဘောင်ဝါက စီရင်ချက်ချအပြီးမှာ ပြောကြားခဲ့ပါတယ်။

ဓားထိုးခံရသူ ရဲအရာရှိရဲ့ မိဘတွေဘက်က ရှေ့နေ ဂျူလီယာ မန်ဒေကတော့ “စီရင်ချက်ကြောင့် မိဘတွေ စိတ်လှုပ်ရှားစရာဖြစ်ရပြီး တဖက်မှာ စိတ်သက်သာရသလို တဖက်မှာလည်း ဘယ်လိုပြစ်ဒဏ်မျိုးနဲ့မှ ပြန်ဆယ်လို့မရနိုင်တဲ့ အဆုံးမဲ့နာကျင်မှုတွေ ကျန်ရှိနေပါသေးတယ်” လို့ ပြောပါတယ်။

ဆူလိုင်မန် အေဟာ စစ်သွေးကြွ အစ္စလာမ္မစ်နိုင်ငံတော်အဖွဲ့ကို ထောက်ခံကြောင်း အစိုးရရှေ့နေတွေက ပြောကြားပေမဲ့ သူ့ကို အကြမ်းဖက်ဝါဒအတွက် စွဲချက်မတင်ခဲ့ပါဘူး။

စတုဂတ် တရားရုံးက ဒီအမှုမှာ အထူးကြီးလေးတဲ့ ပြစ်မှုလို့ ကြေညာခဲ့ပြီး ဆူလိုင်မန် အေဟာ လွတ်ငြိမ်းချမ်းသာခွင့် လုံးဝမရနိုင်ပါဘူး။

ဒီစီရင်ချက်ဟာ ဘာလင်က တရားဝင် အသိအမှတ်မပြုထားတဲ့ တာလီဘန်အစိုးရနဲ့ အခုနှစ်စပိုင်းမှာ ပြန်စတင်ခဲ့တဲ့ ရာဇ၀တ်သားတွေနဲ့ ခိုလှုံခွင့်တောင်းခံမှု မအောင်မြင်သူတွေကို အာဖဂန်နစ္စတန်ဆီ ပြန်ပို့မှာနဲ့ ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးနေချိန်မှာပဲ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013