
ပြီးခဲ့တဲ့နှစ်က တိုက်ပွဲဖြစ်လို့ အကျဉ်းချုံးသာ ပြုလုပ်နိုင်ခဲ့တဲ့ ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ တင်းချောင်းကျေးရွာအနီး ပင်လယ်ကမ်းစပ်မှာ တည်ရှိတဲ့ သမိုင်းဝင် မော်တော်စွန်းဘုရားပွဲကို အခုနှစ်မှာ ၁၅ ရက်လောက်အထိ ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ ဒေသခံတွေနဲ့ တာဝန်ရှိသူတွေဆီက သိရပါတယ်။
၂၀၂၅ ခုနှစ်က ရခိုင်ပြည်နယ်အစပ်၊ ဧရာဝတီတိုင်းထဲက မြို့နယ်တွေမှာ တိုက်ပွဲဖြစ်ခဲ့တာကြောင့် မော်တင်စွန်း ဘုရားပွဲတော်ကို အကျဉ်းချုံးသာ ကျင်းပနိုင်ခဲ့ပြီး အခုနှစ်မှာ တပေါင်းလဆန်း ၁ ရက်၊ ဖေဖော်ဝါရီ ၁၆ ရက်ကနေ တပေါင်းလပြည့်၊ မတ် ၂ ရက်အထိ ၁၅ ရက်လောက် ကျင်းပဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
ဒေသခံတယောက်က “ဘုရားပွဲကို တိုင်းအစိုးရအဖွဲ့ အစီအစဉ်နဲ့ လုပ်ဖို့ ပြင်ဆင်နေတာ။ အခုလည်း တိုက်ပွဲမရှိလို့တော့ မဟုတ်ဘူး၊ တိုင်းအစိုးရက စည်ကားအောင်လုပ်မဲ့သဘော ရှိတယ်။ သဲဖြူဆရာတော်ကြီးနဲ့ ကျိုက်ထီးဆောင်း ဆရာတော်ကြီးတို့ပါ ကြွလာမယ်လို့ သိရတယ်” လို့ ပြောပါတယ်။
ငပုတောမြို့နယ်က မော်တော်စွန်းဘုရားပွဲကို အခုနှစ်မှာ အရင်ထက် လုံခြုံရေးကို ပိုမိုတိုးမြှင့်ချထားကာ ကျင်းပဖို့ ပြင်ဆင်နေပြီး တည်းခိုဆောင်တွေနဲ့ ဈေးဆိုင်ခန်းတွေ ဆောက်လုပ်ဖို့ကို အရင်နှစ်တွေကလို ဂေါပကအဖွဲ့ တခုတည်းရဲ့ အတည်ပြုချက်နဲ့ မရဘဲ အထက်အဆင့်ဆင့်ကို ဆောက်လုပ်ခွင့် တင်ပြနေရတယ်လို့ သိရပါတယ်။
“ဘုရားပွဲက ဒီနှစ်လည်း အကျဉ်းချုံးသာသာလောက်ပါပဲ။ ငပုတောမြို့နယ်၊ ဟိုင်းကျွန်းဘက်မှာ တိုက်ပွဲမရှိပေမဲ့ ရခိုင်ပြည်နယ်နဲ့လည်း နီးစပ်နေတော့ တော်လှန်ရေးတပ်တွေ ရှိနေတယ်။ ရောက်လာမယ်ဆိုပြီး စစ်တပ်က နေ့တိုင်း စစ်ကြောင်းထိုးတာ၊ ပစ်ခတ်တာတွေ လုပ်နေတာ ရှိတယ်။”
အဲဒီဘုရားပွဲကို ရပ်ဝေးကနေလာတဲ့ ဘုရာဖူးလာ ပြည်သူတွေ တည်းခိုနေထိုင်ဖို့အတွက် လုပ်ငန်းရှင်တွေက ဆောက်ကာ ဝန်ဆောင်မှုပေးတဲ့ တည်းခိုဆောင်တွေလည်း စစ်ကောင်စီ လက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့တွေက ခွင့်မပြုသေးတာကြောင့် ဖေဖော်ဝါရီ ဒုတိယအပတ်အထိ မဆောက်နိုင်သေးဘူးလို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီက မော်တင်စွန်းစေတီသွားတဲ့ ကုန်းလမ်းတလျှောက်မှာ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ပထမအပတ်က စတင်ပြီး စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ်ကာ ရေလမ်းနဲ့ စေတီပတ်ဝန်းကျင်တွေမှာပါ စစ်ဆေးရေးဂိတ်တွေ ဖွင့်လှစ် စစ်ဆေးနေတယ်လို့ သိရပါတယ်။
အဲဒီ မော်တင်စွန်းဘုရားပွဲတော်ကို ကြံ့ခိုင်ရေးပါတီက အစိုးရအဖွဲ့အဖြစ် တာဝန်ယူခဲ့တဲ့အချိန် ဦးသိန်းစိန် သမ္မတလက်ထက်မှာ တလတိတိ ကျင်းပခဲ့ဖူးပါတယ်။


