Home
မြန်မာသတင်း
နှစ် ၇၀ ပြည့် ကရင်ပြည်နယ်နေ့ကို လုံခြုံရေး တိုးမြှင့်ပြီး ကျင်းပ
DVB
·
November 7, 2025

နှစ် ၇၀ ပြည့် ကရင်ပြည်နယ်နေ့ အခမ်းအနားကို ကရင်ပြည်နယ်၊ ဘားအံမြို့၊ သီရိကွင်းမှာ နိုဝင်ဘာ ၇ ရက် မနက်က လုံခြုံရေးတိုးမြှင့်ပြီး ကျင်းပခဲ့တယ်လို့ အခမ်းအနားကို တက်ရောက်ခဲ့တဲ့ မြို့ခံတွေဆီက သိရပါတယ်။

ကရင်ပြည်နယ်နေ့ အခမ်းအနားအတွက် စစ်တပ်၊ BGF နဲ့ ရဲတပ်ဖွဲ့ဝင် အင်အားအများအပြား လုံခြုံရေး ရယူထားတဲ့အပြင် အခမ်းအနားဖွင့်ပွဲကို လာရောက်သူတွေနဲ့ မြို့ဝင်မြို့ထွက် ဖြတ်သန်းသွားလာသူတွေကို စစ်ဆေးရေးဂိတ်တွေမှာ တင်းတင်းကျပ်ကျပ် စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

မြို့မိမြို့ဖတယောက်က “လုံခြုံရေးကတော့ အပြည့်ပဲ။ ပိုပြီး စစ်ဆေးတာပေါ့။ အစစ်အဆေး များတယ်။ နောက် ပြည်နယ်ပွဲနဲ့ ပတ်ဝန်းကျင် ဝင်ထွက်မယ့်နေရာတွေမှာ အကုန်လုံး ချထားတယ်။ နောက် မြို့ဝင်မြို့ထွက်လည်း အစစ်အဆေးတွေရှိတယ်။ ကားကော ဆိုင်ကယ်ကော။ ဆိုင်ကယ်ဆိုရင် ပိုတောင်စစ်တယ်။ နောက် ဘောင်းဘီရှည်တွေ ဝတ်လာရင် လက်နက်ပါလား၊ မူးယစ်ဆေးဝါးပါလား စမ်းတယ်။ တချက်ခုတ် နှစ်ချက်ပြတ် စစ်တယ်” လို့ ပြောပါတယ်။

ကရင်ပြည်နယ်နေ့ အခမ်းအနားကို ကရင်လက်နက်ကိုင်တွေဖြစ်တဲ့ ကရင်နယ်ခြားစောင့်တပ် (BGF)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA) က ခေါင်းဆောင်၊ KNU တပ်မဟာ ၆၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌဟောင်း ပဒိုစောရွှေမောင်း၊ နိုင်ငံရေးပါတီတွေ၊ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ တက်ရောက်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်းနဲ့ ကရင်ပြည်နယ် နေရာအနှံ့မှာ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေနဲ့ ဒီကနေ့အထိ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ကရင်ပြည်နယ်နေ့ ဖြစ်ပေါ်လာဖို့ နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးပြီး ၁၉၅၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်မှာ ကျင်းပတဲ့ ၁၄ ကြိမ်မြောက် ကရင်ပြည်နယ်ကောင်စီ ညီလာခံမှာ နိုဝင်ဘာ ၇ ရက်နေ့ကို ကရင်ပြည်နယ်နေ့အဖြစ် သတ်မှတ်ခဲ့တာကြောင့် ကရင်ပြည်နယ်သမိုင်းမှာ ထင်ရှားတဲ့ ကရင်ပြည်နယ်နေ့ ဖြစ်ပေါ်လာခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013