Home
မြန်မာသတင်း
ထိုင်း-မြန်မာ နယ်စပ်လုံခြုံရေးနှင့် မြန်မာ့နိုင်ငံရေးဆွေးနွေးပွဲ ထိုင်းလွှတ်တော်တွင် ကျင်းပ
DVB
·
March 23, 2025
Discuss

ထိုင်း-မြန်မာ နယ်စပ်ဒေသ လုံခြုံရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်မှု မြှင့်တင်ရေး ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲကိုတော့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့က ထိုင်းလွှတ်တော်မှာ မတ် ၂၂ ရက်နေ့ကစလို့ ဒီကနေ့ ၂၃ ရက်နေ့ထိ နှစ်ရက်တာ ကျင်းပနေပါတယ်။

ထိုင်းလွှတ်တော်ကော်မတီက စီစဉ်ကျင်းပတဲ့ ဒီဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မြန်မာလူ့အခွင့်အရေးအဖွဲ့တွေနဲ့ ထိုင်းစစ်တပ် တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီ ၂ ရက်တာ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲရဲ့ ပထမရက်မှာတော့ ထိုင်း- မြန်မာနယ်စပ်လုံခြုံရေးကိစ္စနဲ့ စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ ကိစ္စရပ်တွေကို ထိုင်းအောက်လွှတ်တော် နယ်စပ်လုံခြုံရေးကော်မတီဥက္ကဋ္ဌ၊ ထိုင်းစစ်တပ်က စစ်ဆင်ရေးဆိုင်ရာ ညွှန်ကြားရေးမှူးနဲ့ နယ်စပ်ရေးရာ ထိပ်တန်းအရာရှိကြီးတွေ ပါဝင်ဆွေးနွေးခဲ့ကြပါတယ်။

ဒုတိယနေ့ ဆွေးနွေးပွဲမှာတော့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် တွန် အမ်ဒရူးစ်က  အဖွင့် မိန့်ခွန်းပြောခဲ့ပါတယ်။ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေ ဆိုရွားမှု၊ နိုင်ငံတကာအနေနဲ့ မြန်မာ့အရေး ပူးပေါင်းဆောင်ရွက်မှု တိုးလုပ်ဖို့၊ သမ္မတ ထရမ့် လက်ထက်မှာ တားမြစ်လိုက်တဲ့ အမေရိကန် အကူအညီပေးရေးအဖွဲ့ (USAID)  ကြောင့် နယ်စပ်ဒေသနဲ့ ပြည်တွင်းက အကူအညီပေးရေးကိစ္စတွေအပေါ် သက်ရောက်မှုတွေကို အဓိကထားပြောခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ဒုတိယနေ့ရဲ့ မြန်မာ့နိုင်ငံရေးအခြေအနေ သုံးသပ်မှု စကားဝိုင်းဆွေးနွေးမှုမှာ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှ မော်သဲမြာ၊ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ဒေါ်ခင်ဥမ္မာ နဲ့ Forum of Federations ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ဦးဝင်းမင်းတို့က ပါဝင်ဆွေးနွေးခဲ့ကြတာပါ။

 မြတ်သဇင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013