
မကွေးဖက်ဒရယ်ယူနစ်၊ ကြားကာလအစိုးရအဖွဲ့ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် မြိုင် ပကဖ တာဝန်ခံ ဗိုလ်လကျ်ာကို တော်လှန်ရေးအစုအဖွဲ့တွေက မဲပေးရွေးချယ်ခဲ့ကြတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေထံက သိရပါတယ်။
မကွေးတိုင်းအတွင်း လွတ်မြောက်နယ်မြေတခုမှာ ရောက်ရှိနေတဲ့ ၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်ကိုယ်စားလှယ်တယောက်က “ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းမှာ မကွေးတိုင်းအတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေ၊ CSO တွေနဲ့ CDM တွေ စုစုပေါင်း အစုအဖွဲ့ ၈ ဖွဲ့က မြိုင် ပကဖ တာဝန်ခံ ဗိုလ်လက်ျာကို မကွေးဖက်ဒရယ်ယူနစ်ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် မဲပေးရွေးချယ်ခဲ့ကြတာပါ။ ဝင်ပြိုင်တာကတော့ ဗိုလ်လကျ်ာနဲ့ ရန်ချောင်းတို့ ၂ ယောက်ပါ။ ကိုရန်ချောင်း က ၁၀ မဲ၊ ဗိုလ်လက်ျာ ကတော့ မဲ ၂၀ ရပြီး မကွေးဖက်ဒရယ်ယူနစ်ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် လျာထား ရွေးချယ်ခံလိုက်ရတာ ဖြစ်ပါတယ်။ အဲဒီရွေးချယ်ပွဲမှာ မကွေးဖက်ဒရယ်ယူနစ်ရဲ့ ဝန်ကြီးချုပ် ဒေါက်တာရဲထွန်းဇော်လည်း တက်ခဲ့တယ်” လို့ ပြောပါတယ်။
အဆိုပါရွေးချယ်ပွဲကို ဇန်နဝါရီ ၃၀ ရက်က ပြုလုပ်ခဲ့ပြီး မကွေးဖက်ဒရယ်ယူနစ် လွှတ်တော်မှာ ဆက်လက်တင်ပြကာ လွှတ်တော်ရဲ့အဆုံးအဖြတ် ရယူပြီးမှ အတည်ဖြစ်လာမယ်လို့လည်း သူက ဆက်ပြောပါတယ်။
တော်လှန်ရေးအဖွဲ့တွေဘက်က မကွေးဖက်ဒရယ်ယူနစ်ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် လျာထားရွေးချယ်ခံရသူ ဗိုလ်လက်ျာဟာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ကနေ CDM ပြုလုပ်ထားသူတယောက်ဖြစ်ကာ အခုလက်ရှိ ပခုက္ကူခရိုင် ပကဖ၊ မြိုင် ပကဖ နဲ့ မကွေး PDF တွေမှာ တာဝန်ခံခေါင်းဆောင်တွေအဖြစ် တာဝန်ယူနေသူတယောက် ဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဂန့်ဂေါအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံတယောက်က “ဗိုလ်လကျ်ာကို မကွေးဖက်ဒရယ် ကာဝန်အဖြစ် ရွေးချယ်လိုက်တဲ့နေရာမှာ ကျနော်တို့လည်း အဆိုပြု တင်သွင်းခဲ့တဲ့အထဲမှာ ပါတယ်ပေါ့လေ။ ဘယ်သူက စစ်ရေးအမြော်အမြင်ကြီးတဲ့သူလို့ ကျနော်တို့ဘက်က နားလည်ခံယူထားတော့ လက်ရှိအခြေအနေကနေ စစ်ရေးအရွေ့တခုကို မြန်မြန်သွားနိုင်ဖို့အတွက် သူ့ကို မကွေးဖက်ဒရယ်ကာဝန်အဖြစ် တော်လှန်ရေးအစုအဖွဲ့တွေဘက်က လျာထား ရွေးချယ်လိုက်တာလို့ပဲ မှတ်ချက်ပေးချင်ပါတယ်” လို့ DVB ကို ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၂၃ ရက် ညပိုင်းမှာ မြိုင်မြို့နယ်ထဲက ဗဟင်းကျေးရွာ တိုက်နယ်ပအဖ ဝာာဝန်ခံ ဦးလှအောင်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး အပြင်းအထန် ရိုက်နှက်ခဲ့လို့ ဦးလှအောင် သေဆုံးခဲ့ရတဲ့ ဖြစ်စဥ်အပြင် တခြားတော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့တဲ့ ဖြစ်စဥ်တွေကို ဗိုလ်လကျ်ာ ဦးဆောင်တဲ့ မြိုင် ပကဖ တပ်ဖွဲ့ဝင်တွေဘက်က တော်လှန်ရေးကာလ ၄ နှစ်ကျော်အတွင်း ၁၀ ကြိမ်ထက်မနည်း ပြုလုပ်ခဲ့တာကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD) အပါအဝင် တာဝန်ရှိတဲ့ အထက်အဖွဲ့အစည်းတွေကို သက်ဆိုင်သူတွေဘက်က တင်ပြတိုင်ကြားထားပေမဲ့ ဒီနေ့အချိန်အထိ ဖြေရှင်းဆောင်ရွက်ပေးတာ မရှိသေးဘူးလို့လည်း မြိုင်မြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
မကွေးဖက်ဒရယ်ယူနစ်ရဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် ရွေးချယ်လျာထားခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဗိုလ်လက်ျာ ဆီကို DVB က ဆက်သွယ်ဖို့ ကြိုးစားခဲ့ပေမဲ့ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်း အခက်အခဲတွေကြောင့် ဆက်သွယ်လို့ မရရှိသေးပါဘူး။


