
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲဆောက်မြို့ထဲမှာ ဒီကနေ့ မနက်က မြန်မာလုပ်သားတယောက် မောင်းနှင်လာတဲ့ အိမ်စီးကားတစီးက လမ်းဘေးမှာရပ်ထားတဲ့ ၁၈ ဘီးတွဲ ကုန်တင်ကားကြီးတစီးကို အနောက်က ဝင်တိုက်ရာမှာ မောင်းသူအပါအဝင် ၂ ယောက် သေဆုံးပြီး ၁ ယောက် ပြင်းထန်စွာ ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
ဒီကနေ့ (ဖေဖော်ဝါရီ ၁၁ ရက်) မနက် ၆ နာရီခွဲလောက်က မဲဆောက်မြို့ ဝပ်ဒွန်းကယောက် စာသင်ကျောင်း နဲ့ မြူနီစီပယ်ရုံးရှေ့မှာ ယာဉ်တိုက်မှုဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူတွေရှိကြောင်း အကြောင်းကြားချက်ရတာကြောင့် အရေးပေါ်လူနာတင်ကားနဲ့အတူ သွားရောက် စစ်ဆေးခဲ့တယ်လို့ မဲဆောက်မြို့မရဲစခန်း တာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ကုန်ပစ္စည်းအပြည့်တင်ဆောင်ပြီး လမ်းဘေးနားရပ်ထားတဲ့ ၁၈ ဘီးတွဲ ကုန်တင်ကားကြီးတစီးကို အဖြူရောင်အိမ်စီးကားတစီးက အနောက်ကနေ အရှိန်နဲ့ဝင်တိုက်ထားလို့ ကားခေါင်းတခုလုံး ကြေမွပျက်စီးနေတယ်၊ ကုန်တင်ကားမောင်းသူကတော့ ဒဏ်ရာမရဘဲ ရဲတွေကို ဖြေကြားပေးဖို့ စောင့်ဆိုင်းနေပါတယ်။
ကယ်ဆယ်ရေးအဖွဲ့တွေက အိမ်စီးကားထဲကနေ ပိတ်မိနေတဲ့သူတွေ ခဲရာခဲဆစ်ဆွဲထုတ်ယူရတယ်။ ယာဉ်မောင်းမှာ စတီရာရင်ကိုင်လျက်သားနဲ့ သေဆုံးနေပြီး မောင်းသူထိုင်ခုံနောက်က အမျိုးသမီး တယောက်လည်း နဖူးမှာဒဏ်ရာရကာ လည်ပင်းကျိုးပြီး သေဆုံးနေတယ်လို့ ဆိုပါတယ်။
ရှေ့ခန်းအပျက်အစီးတွေကြား နာကျင်စွာ အော်ဟစ်အကူအညီတောင်းနေတဲ့ အမျိုးသားတယောက်ကို ကယ်ထုတ်ကာ မဲဆောက်ဆေးရုံကြီးသို့ ပို့ပေးခဲ့တယ်။
ကားထဲမှာတွေ့တဲ့ အထောက်အထားတွေအရ သေဆုံးသူတွေကတော့ အသက် ၂၉ နှစ်အရွယ် ယာဉ်မောင်း မျိုးမင်းဦးနဲ့ အသက် ၂၀ အရွယ်ရှိ ခင်နှင်းဝေ တို့ဖြစ်ပြီး အသက် ၄၉ နှစ်အရွယ် နိုင်းဆဒ်တယား ဆိုသူ ထိုင်းအမျိုးသားကတော့ ဒဏ်ရာပြင်းစွာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ဆေးမေးမြန်းချက်အရ သူတို့ဟာ အလုပ်သမားမှတ်ပုံတင်ကတ်လုပ်ပေးနေတဲ့ အေးဂျင့်တခုကဖြစ်ပြီး အဲဒီနေ့မနက်က မဲဆောက်-မြဝတီ ချစ်ကြည်ရေးတံတားအမှတ် ၁ ကို အလုပ်ကိစ္စနဲ့သွားဖို့ ဘန်ကောက်ကနေ ထွက်ခွာလာခဲ့တယ်၊ ယာဉ်မောင်းမှာ တညလုံး မရပ်နားဘဲ တောက်လျှောက်မောင်းလာတာကြောင့် အိပ်ငိုက်တယ်လို့ယူဆရပြီး ဘီးကလမ်းဘေးကို ချော်ထွက်ကာ အရှေ့မှာရပ်နားထားတဲ့ ၁၈ ဘီးအောက်ကို အရှိန်နဲ့ တည့်တည့်ကြီး ဝင်တိုက်လိုက်တာလို့ ဆိုပါတယ်။
မဲဆောက်ရဲစခန်း စုံစမ်းစစ်ဆေးရေးရဲတပ်ဖွဲ့ကတော့ အနီးနားရှိ မျက်မြင်သက်သေတွေ ထပ်မံခေါ်ယူ စစ်ဆေးနေပြီး တချိန်တည်းမှာ သေဆုံးဒဏ်ရာရသူတွေရဲ့ ဆွေမျိုးတွေကို ဆက်သွယ်အကြောင်းကြားနေတယ်လို့ ဆိုပါတယ်။
Source - Amarin TV / ThaiPBS North


