
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ ခွင့်ပြုမထားတဲ့ အလုပ်တွေကိုလုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံသား အလုပ်သမားတွေကို ထိုင်းလူဝင်မှုကြီးကြပ်ရေးနဲ့ ရဲတပ်ဖွဲ့ အပါအဝင် ထိုင်းအာဏာပိုင်တွေက လိုက်လံ ဖမ်းဆီး အရေးယူနေပါတယ်။
မဲဆောက်မြို့တွင်းမှာ မြန်မာရွေ့ပြောင်းလုပ်သားတွေအနေနဲ့ ခွင့်ပြုချက်မရှိတဲ့လုပ်ငန်းတွေမှာ ပါဝင်တဲ့ ဈေးရောင်းတဲ့ အလုပ်လုပ်တွေလည်းလုပ်ကိုင်နေကြတာကြောင့် ဇန်နဝါရီ ၃၀ ရက်နေ့က မြန်မာစျေးသည် အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၂ ယောက်တို့ကို ထိုင်းရဲက ဖမ်းဆီးလိုက်ပြီး အရေးယူနိုင်ဖို့ စခန်းမှာ အမှုဖွင့် တိုင်ကြားထားပါတယ်။
အခုလို ဖမ်းဆီးမှုတွေကြောင့် မဲဆောက် မြို့တွင်းနဲ့ လမ်းကြားတွေမှာ မြန်မာနိုင်ငံသားတွေ ဖွင့်လှစ်ထားတဲ့ စျေးဆိုင်တွေ ပိတ်ထားတာတွေရှိနေပြီး တချို့ကတော့ ဆိုင်ဖွင့်မရောင်းဘဲ အိမ်အရောက်ပို့ပေးတာရှိတယ်လို့ မဲဆောက်မှာနေထိုင်တဲ့ မြန်မာတွေထံက သိရပါတယ်။
ဇန်နဝါရီ ၃၀ ရက် မနက် ၆ နာရီလောက်က မဲဆောက်မြို့၊ ထဆိုင်လွတ်ရပ်ကွက်မှာ မြန်မာနိုင်ငံဘက်ကို ထိုင်းဘက်ကနေ တရားမဝင် အင်တာနက်ထပ်ဆင့်လွှင့်ပေးနေတဲ့ နေရာ ၃ နေရာကို ထိုင်းတာဝန် ရှိသူတွေက ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ ပါတယ်။
အင်တာနက် တရားမဝင်သုံးစွဲမှုနဲ့ပတ်သက်ပြီး တိုင်ကြားချက်အရ မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ် ၁ အနီးရှိ တိုက်တန်းလျားက အခန်း ၃ ခန်းကို ဝင်ရောက် စစ်ဆေးရာမှာ အင်တာနက်ထပ်ဆင့်လွှင့်စက်တွေ ရှိရတဲ့အတွက် သိမ်းဆည်းပြီး ဖျက်ဆီးလိုက်တယ်လို့ ထိုင်းတာဝန်ရှိသူတွေနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
ဒါ့အပြင် အင်တာနက်ထပ်ဆင့်လွှင့်ပြီး အသုံးပြုတာ၊ တရားမဝင်စက်ပစ္စည်း အသုံးပြုတာတွေနဲ့ ပတ်သက်လို့ အခန်းပိုင်ရှင်နဲ့ စက်ပိုင်ရှင်တို့ကို ခေါ်ယူစစ်ဆေးအရေးယူသွားမယ်လို့ သိရပါတယ်။


