
ကိုဗစ်ချေးငွေတွေကို အခုဘဏ္ဍာရေးနှစ်မကုန်ခင်မှာ ပြန်ဆပ်ကြဖို့ စစ်ကောင်စီလက်အောက်ခံ ရင်းနှီးမြှုပ်နှံမှုနဲ့ နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီး ဒေါက်တာဝါဝါမောင်က ပြောပါတယ်။
ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေးလုပ်ငန်းကော်မတီရဲ့ အစည်းအဝေးမှာပြောခဲ့တာပါ။
ကုမ္ပဏီနဲ့လုပ်ငန်းတွေကို ချေးငွေသက်တမ်း ၃ နှစ်အထိပဲ ခွင့်ပြုထားတာကြောင့် အခုအခါ ခွင့်ပြုသက်တမ်း ပြည့်မြောက်ကျော်လွန်ခဲ့ပြီးဖြစ်တယ်လို့ ဒေါက်တာဝါဝါမောင်က ပြောပါတယ်။ ဒါ့အပြင် ပြန်မဆပ်ဘူးဆိုရင် စီမံခန့်ခွဲမှုနည်းလမ်းနဲ့ အရေးယူ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။
စီးပွားရေးလုပ်ငန်းရှင်တယောက်က “နောက်အစိုးရသစ်မခေါ်ခင် ချေးငွေတွေကို ဒီဘဏ္ဍာနှစ်မှာ အကုန်ပြန်တောင်းဖို့ လုပ်နေတာပေါ့။ မပေးရသေးတဲ့လုပ်ငန်းရှင်တွေလည်း အများကြီးရှိတယ်။ တချို့ဆို ဆက်သွယ်လို့မရတဲ့သူတွေတောင်ရှိတယ်” လို့ ပြောပါတယ်။
ကိုဗစ်-၁၉ ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့လုပ်ငန်းတွေကို ပြန်လည်ကုစားဖို့အတွက် အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ကိုဗစ်-၁၉ ရန်ပုံငွေ ကျပ် ၂၀၀ ဘီလီယံကနေ ကျပ် ၁၅၈ ဒသမ ၄၄၈၃ ဘီလီယံ ထုတ်ချေးထားပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလကုန်အထိ ကျပ် ၉၅ ဒသမ ၃၉၀၇ ဘီလီယံပဲ ပြန်လည်ရရှိထားတယ်လို့ သိရပါတယ်။


