Home
မြန်မာသတင်း
ဖားကန့်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်က လက်နက်ကြီးပစ်ခတ် 
DVB
·
February 7, 2026

ကချင်ပြည်နယ်၊ ဖားကန့်ဒေသမှာ စစ်ကောင်စီတပ်တွေနဲ့  ကချင်လွတ်လပ်ရေးတပ်မတော် (KIA) KPDF ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတာ တပတ်ကျော်ရှိလာပြီး စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးတာရှိတယ်လို့ ကချင်စစ်ရေး သတင်းရင်းမြစ်ကနေ သိရပါတယ်။

KIA နဲ့ KPDF ပူးပေါင်းတပ်တွေ နေရာယူထားတဲ့ဘက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်ကနေ  လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်မှုတွေ တောက်လျှောက်ပြုလုပ်နေတယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။

“အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့တွေက KIA KPDF တွေနေရာယူထားတဲ့ ယူမာ၊ ဂျန်ဂတ်၊ ထုံးဘို၊ ရေအေးချောင် တဝိုက်ကို စစ်ကြောင်းထိုးလာတဲ့အတွက် ၃၀ ရက်နေ့ကနေ တိုက်ပွဲဖြစ်နေတာ။ ဒီနေ့ဆို တပတ်နည်းနည်း ကျော်လာပြီ။ ဒီတပတ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ နေရာယူထားတဲ့ ဖားကန့်တပ်မကုန်း၊ ရခိုင်ကုန်း စတဲ့ သူတို့နေရာယူထားတဲ့နေရာကနေ လက်နက်ကြီးတွေ တောက်လျှောက်ပစ်နေတာ အလုံး ၅၀၀ လောက် ရှိမယ်ထင်တယ် တပတ်အတွင်းမှာပေါ့။ တိုက်ပွဲက နေ့တိုင်း တောက်လျှောက် ဖြစ်နေတယ်။ ဒီတိုက်ပွဲတပတ်ကျော်အတွင်းမှာ အကြမ်းဖက် စစ်တပ်ဘက်ကနေ အရှင်ဖမ်းမိတာတွေရှိတယ်။ ပြီးရင် သူတို့ဘက်က အလင်းဝင်လာတာတွေ ၆ ယောက်လောက် ရှိတယ်။ သူတို့ဘက်က ထိခိုက်သေဆုံးတာတွေလည်း ရှိတယ်။ ပြီးရင် KIA၊ KPDF ပူးပေါင်းတပ်ဖွဲ့တွေက သူတို့ရဲ့ ဒရုန်းအကြီးတစီးကိုလည်း ပစ်ချနိုင်ခဲ့တယ်။”

ဖားကန့်တိုက်ပွဲ တပတ်ကျော်အတွင်း စစ်တပ်ဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်တာအပြင် လေကြောင်းတိုက်ခိုက်မှုတွေလည်း ပြုလုပ်ခဲ့ပြီး အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ဖားကန့်မြိုနယ်မှာ ရွေးကောက်ပွဲ အပိုင်း ၃ ပြုလုပ်တဲ့နေ့က အပြန်အလှန်ပစ်ခတ်မှုတွေ ရှိခဲ့ပေမဲ့ အဲ့ဒီနောက်ပိုင်း တိုက်ပွဲငြိမ်သက်နေခဲ့တာပါ။ အဲဒီနောက် စစ်တပ်တွေက ဇန်နဝါရီ ၃၀ ရက် ညပိုင်းက KIA နဲ့ KPDF တွေ နေရာယူထားတဲ့ ယူမာဘက်ခြမ်းကို စစ်ကြောင်းထိုးလာတာကြောင့် အပြန်အလှန်တိုက်ပွဲ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

ဒေသခံတယောက်က “စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ၃ ရက်နေ့မှာလည်း မနက်ပိုင်းမှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတယ်။ နေ့လည်ပိုင်းမှာလည်း Y12 နဲ့ ဗုံး အလုံး ၂၀ ကျော်လောက် ကြဲသွားတာ ရှိတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ကြီးနဲ့ ရမ်းသန်း ပစ်ခတ်တဲ့အတွက် ပြည်သူတွေ ထိခိုက်တာတွေရှိတယ်၊ သေဆုံးတာတွေ ရှိတယ်။ တိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်နေတယ်။ ဒီနေ့ဆိုရင်လည်း ဖားကန့်တံတားကြီးကို ပိတ်ထားတာ မရှီကထောင်က ပြည်သူတွေက ပိတ်မိနေကြတယ်။ စစ်ရှောင်လို့လည်း မရဘူး။ တိုက်ပွဲတောက်လျှောက် ပြင်းထန်တာ တပတ်ကျော်ပြီ။ တိုက်ပွဲက ပိုပြင်းထန်လာနိုင်တယ်။ ပြည်သူတွေလည်း စစ်ရေးသတိအမြဲတမ်းရှိဖို့ အရေးကြီးတယ်။”

ဖေဖော်ဝါရီ ၂ ရက်ကလည်း ဖားကန့်မြို့ မရှီကထောင်အနီး စစ်ကောင်စီတပ်နဲ့ KIA/KPDF ပူးပေါင်းတပ်တို့ ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲအတွင်းပစ်ခတ်တဲ့ လက်နက်ကြီးကျည်ဟာ ဖားကန့် အထက စာသင်ကျောင်းမှာ ကျရောက်ပေါက်ကွဲတဲ့အတွက် ကျောင်းသူတယောက်နဲ့ ကျောင်းသားတယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။

စစ်ကောင်စီတပ်တွေဟာ နောက်ထပ် KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဆိုင်းတောင်ပြန်ထိန်းချုပ်နိုင်ဖို့ လုပ်လာတဲ့အတွက် စစ်ကြောင်းထိုးတိုက်ခိုက်လာတာဖြစ်ပြီး ရွေးကောက်ပွဲအပြီး ဖားကန့်ဒေသမှာ စစ်ရေးအခြေအနေ ပြန်လည်တင်းမာနေတာ ဖြစ်ပါတယ်။

ဒေသခံတယောက်က “အကြမ်းဖက်စစ်တပ်တွေက အင်းတော်ကြီး အရှေ့ဘက်ကမ်းနဲ့ အနောက်ဘက်ကမ်းကို တောက်လျှောက် စစ်ကြောင်းထိုးနေတယ်။ ဖားကန့်ကနေလည်း မရှီကထောင်၊ ယူမာ၊ ဆိုင်းတောင်ဘက်ကို စစ်ကြောင်းထိုးချင်လို့ အင်းတော်ကြီးဘက်ကို စစ်ကြောင်းထိုးနေတာ။ ဖားကန့်ကနေ အင်းတော်ကြီးတစ်ဝှိုက် တောက်လျှောက် တိုက်ပွဲပြင်းထန်နေတယ်။ ပြည်သူတွေကလည်း အကြမ်းဖက်စစ်တပ် လက်နက်ကြီး ရမ်းသန်း ပစ်ခတ်လို့ စိုးရိမ်ပူပန်နေရတယ်”လို့ ပြောပါတယ်။

လက်ရှိ စစ်ကောင်စီတပ်နဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်တဲ့အတွက် ဖားကန့် – ဆိပ်မူ သွားမိန်းလမ်းမကြီးကိုသွားလာခွင့်ပိတ်ထားသလို ဆိပ်မူကနေ ဖားကန့်ကိုသွားတဲ့ ဖားပြင်၊ မန၊ ရှရော်ခလမ်းကိုလည်း သွားလာခွင့်ကန့်သတ်ထားပါတယ်။ 

တိုက်ပွဲပြင်းထန်နေတဲ့ ဖားကန့်၊ မရှီကထောင်ဘက်ခြမ်းကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၆ ရက် ညနေ ၄ နာရီဝန်းကျင်လောက်မှာ လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားပါတယ်။

မရှီကထောင်အနောက်ဘက်ခြမ်း ထုံးဘို ဆုတောင်းကုန်းနေရာမှာ တပ်အထိုင်ချနိုင်ဖို့ စစ်တပ်က ဇန်နဝါရီ ၃၀ ရက်ကစတင်ပြီး စစ်ကြောင်းထိုးတိုက်ခိုက်နေတာကြောင့် ဖေဖော်ဝါရီ ၆ ရက်အထိ တိုက်ပွဲပြင်းထန်နေ ပါတယ်။ 

 ဟန်န

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013