ရှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့အတွက် အခြေခံမူ ၃၃ ချက်နဲ့ အခြေခံအခွင့်အရေးများ ၃၈ ချက်ကို ဆွေးနွေးအတည်ပြုနိုင်ခဲ့တယ်လို့ ရှမ်းပြည်အမျိုးသားညီလာခံက ဖေဖော်ဝါရီ ၆ ရက် ဒီကနေ့ နေ့စွဲနဲ့ ကြေညာပါတယ်။
ပထမအကြိမ် ရှမ်းပြည်အမျိုးသားညီလာခံကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ကမကထပြုပြီး ဗဟိုဌာနချုပ် လွိုင်တိုင်းလျဲန်းမှာ ၂၀၂၆ ဖေဖော်ဝါရီ ၂ ရက်ကနေ ၄ ရက်ထိ ကျင်းပခဲ့ကာ အဆိုပါ ပြည်နယ်ဖွဲ့စည်းပုံအတွက် အခြေခံမူတွေ ဆွေးနွေးအတည်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အတည်ပြုနိုင်ခဲ့တဲ့ အခြေခံမူ ၃၃ ချက်နဲ့ အခြေခံအခွင့်အရေးများ ၃၈ ချက်ကို အကောင် အထည်ဖော်နိုင်ဖို့နဲ့ ရှေ့လုပ်ငန်းစဉ်တွေ ဆောင်ရွက်နိုင်ဖို့ ရှမ်းပြည်နယ် ဖယ်ဒရယ်ရေးရာ ဦးဆောင်အဖွဲ့ကိုလည်း ကနဦးဖွဲ့စည်းခဲ့ပါတယ်။
ရှမ်းပြည်နယ်တွင်းရှိ လူမျိုးစုတွေ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေး၊ ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တန်းတူအခွင့်အရေးတွေကို ဖော် ဆောင်နိုင်ရေး၊ ရှမ်းပြည်နယ်ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ထွန်းရေး၊ ရှမ်းပြည်နယ်ကို ကိုယ်စားပြုတဲ့ နိုင်ငံရေးစုဖွဲ့မှုတရပ် ပေါ်ထွန်းရေးတို့အတွက် ရှမ်းပြည်အမျိုးသားညီလာခံမှာ ပူးပေါင်းပါဝင်ကြဖို့ ရှမ်းပြည်နယ်ထဲက အဖွဲ့အစည်းတွေ ၊ လူမျိုးစုအားလုံးတွေကို ကမ်းလှမ်းဖိတ်ခေါ်ကြောင်း ထုတ်ပြန် ထားပါတယ်။
ပထမအကြိမ် ရှမ်းပြည်အမျိုးသားညီလာခံမှာ သံဃာတော်တွေ ၊ ရှမ်းပြည်ထဲက လက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေ၊ နိုင်ငံရေးအစုအဖွဲ့တွေ၊ အရပ်ဖက်အဖွဲ့အစည်းနဲ့ လူငယ်အဖွဲ့တွေ၊ မြို့နယ်အသီးသီးက ကိုယ်စားလှယ်တွေ ၁၀၀ ကျော် တက်ရောက်ခဲ့ပါတယ်။
RCSS ဗဟိုဌာနချုပ်လွိုင်တိုင်းလျဲန်းမှာ ၇၉ နှစ်မြောက် ရှမ်းပြည်အမျိုးသားနေ့ အခမ်းအနားကို လည်း ဖေဖော်ဝါရီ ၆ ရက်မှ ၈ ရက်နေ့ထိ ကျင်းပနေပါတယ် ။









