
လစ်ဗျားအာဏာရှင်ဟောင်း မွမ်မာကဒါဖီရဲ့သား ဆေ့ဖ်အယ်လ် အစ္စလာမ် ကဒါဖီဟာ သူ့အဖေကို အမွေဆက်ခံသူအဖြစ်ကနေ သမ္မတရွေးကောက်ပွဲအတွက် သမ္မတလောင်းအဖြစ် မှတ်ပုံ တင်ခဲ့ဖူးသူပါ။
ခုတော့ သူ အသတ်ခံရပြီလို့ မိသားစုနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေ၊ သူ့ရှေ့နေ ခါလဒ် အယ်လ်ဇေဒီနဲ့ လစ်ဗျားမီဒီယာတွေက အင်္ဂါနေ့မှာ ပြောပါတယ်။ သူသေဆုံးရတဲ့ အခြေအနေအသေးစိတ်ကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သူဟာ လစ်ဗျားနိုင်ငံအနောက်တောင်ပိုင်းက အယ်လ်ဟာမာဒါ ဒေသမှာ လက်နက်ကိုင် ပဋိပက္ခ တခု အတွင်း သေဆုံးသွားပြီလို့ ဒေသတွင်းမီဒီယာတွေက အင်္ဂါနေ့မှာ ဖော်ပြခဲ့ပါတယ်။
သူ့အကြံပေးနဲ့ နိုင်ငံရေးအဖွဲ့ခေါင်းဆောင် အဗ်ဒူလာအော့သ်မဲန်က ဖေ့စ်ဘွတ်ခ် ပို့စ်တခုမှာ သေဆုံးကြောင်း ကြေညာခဲ့ပေမဲ့ အချိန်နဲ့ အခြေအနေတွေအကြောင်း အသေးစိတ်မဖော်ပြခဲ့ပါဘူး။
ဆော်ဒီအာရေဗျပိုင် အယ်လ်အာရေးဘီးယားသတင်းဌာနကတော့ ဆေ့ဖ်အယ်လ် အစ္စလာမ်ဟာ သူ့ ဥယျာဉ်ထဲမှာ ပစ်ခတ်ပြီး ထွက်ပြေးသွားတဲ့ တိုက်ခိုက်သူ ၄ ယောက်ရဲ့ ပစ်သတ်တာ ခံခဲ့ရတယ်လို့ ဖော်ပြခဲ့ပါတယ်။ သတင်းတွေကို လွတ်လွတ်လပ်လပ် အတည်ပြုနိုင်သေးပါဘူး။
လစ်ဗျားခေါင်းဆောင်ဟောင်းရဲ့ ဒုတိယသားဖြစ်သူ ဆေ့ဖ်အယ်လ်အစ္စလာမ်ဟာ ၂၀၁၁ ခုနှစ်မှာ မြောက်အတ္တလန္တိတ် စစ်ရေးမဟာမိတ်အဖွဲ့ NATO က ကျောထောက် နောက်ခံပြုထားတဲ့ အုံကြွမှု တခုအတွင်း သူ့အဖေရဲ့အုပ်ချုပ်မှု ပြိုလဲပြီးကတည်းက ထင်ရှားတဲ့ နိုင်ငံရေးသမား တယောက် အဖြစ် ဆက်ရှိနေခဲ့တာပါ။
မြောက်အာဖရိကနိုင်ငံထဲမှာ အထူးသဖြင့် ၂၀၁၁ ခုနှစ်မတိုင်မီ မူဝါဒချမှတ်ရာမှာ သူ့အခန်းကဏ္ဍ ကြောင့် လူသိများပေမဲ့ မကြာသေးမီနှစ်တွေအတွင်း လူသိများမှု ကျဆင်းသွားခဲ့ပါတယ်။
၂၀၁၅ ခုနှစ်မှာ လစ်ဗျားတရားရုံတခုက သူ့အဖေရဲ့အုပ်ချုပ်မှုကို အဆုံးသတ်စေခဲ့တဲ့ ၂၀၁၁ ခုနှစ် တော်လှန်ရေးအတွင်း ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေကို နှိမ်နင်းခဲ့တဲ့ ဆေ့ဖ်အယ်လ်အစ္စလာမ်ကို မျက်ကွယ်သေဒဏ်ချမှတ်ခဲ့ပါတယ်။
လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် နိုင်ငံတကာရာဇ၀တ်မှုတရားရုံးမှာ လည်း ယာယီတရားစွဲဆိုခံခဲ့ရပြီး သူ့ရှေ့နေတွေက အမှုကို ပယ်ချဖို့ပျက်ကွက်ခဲ့ပါတယ်။
၂၀၂၁ ခုနှစ်မှာတော့ သူဟာ ဒီဇင်ဘာလ ရွေးကောက်ပွဲအတွက် သမ္မတလောင်းအဖြစ် မှတ်ပုံ တင်ခဲ့ပေမဲ့ နိုင်ငံရေးအကျပ်အတည်းကြားမှာ ရွေးကောက်ပွဲဟာ နောက်ဆုံးမှာ ပြိုလဲသွားခဲ့ပါတယ်။
Source:Reuters


