Home
မြန်မာသတင်း
မကွေးမြို့ ပြည်သူ့စစ်ခေါင်းဆောင် အသတ်ခံရ၊ ကျန်အဖွဲ့ဝင်များ ထွက်ပြေးနေ
DVB
·
November 30, 2024

မကွေးမြို့က  ပြည်သူ့စစ်ခေါင်းဆောင်ကိုမင်းနဲ့ အဖွဲ့ဝင်တယောက်ကို နိုဝင်ဘာ ၂၉ ရက် နေ့လယ်ပိုင်းမှာ PDF အဖွဲ့က ပစ်ခတ်ရှင်းလင်းပြီးနောက် ကျန်ပြည်သူ့စစ်အဖွဲ့ဝင်တွေ ထွက်ပြေးနေရပြီး စစ်တပ်ကလည်း သူတို့လက်နက်တွေကိုပြန်သိမ်းဖို့လုပ်နေတယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၉ ရက် နေပြည်တော်-တောင်ပြိုလမ်းပိုင်းမှာ မကွေးပြည်သူ့စစ်ခေါင်းဆောင် ကိုမင်းနဲ့အဖွဲ့ စီးလာတဲ့ကားကို PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ပြီး ပစ်ခတ်ရှင်းလင်းခဲ့ရာ ကိုမင်းနဲ့အဖွဲ့ဝင်တယောက် သေဆုံးခဲ့ပြီးနောက် ကျန်အဖွဲ့ဝင်တွေ ထွက်ပြေးနေတာလို့ မြို့ခံတယောက်က DVB ကို ပြောပါတယ်။

"မကွေးမှာဆို ကိုမင်းအဖွဲ့က နာမည်ကြီး၊ တပ်မ ၈၈ နဲ့ပေါင်းတယ်။ လက်အောက်ခံတပ်တွေအတွက် လူရှာပေးတယ်၊ ငွေရှာပေးတယ်။ နိုင်ငံရေးသမားတွေကို ပေါင်းပြီး ထောင်ထဲထည့်တယ်။ သူ့ကြောင့် အဖမ်းခံရတဲ့သူတွေ သေတဲ့သူတွေ မနည်းဘူး၊ အခုဝဋ်လည်တာ" လို့ ပြောပါတယ်။

စစ်ကောင်စီသတင်းပေး ပြည်သူ့စစ်ခေါင်းဆောင် ကိုမင်းနဲ့ အဖွဲ့ဝင်တယောက်ကို မကွေးတိုင်းအရှေ့ခြမ်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နတ်မောက်မြို့နယ်အခြေစိုက် ကြိုးကြာနီတပ်ရင်းက နေပြည်တော်လမ်းပိုင်းတနေရာမှာ  ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သိရပါတယ်။

အလယ်ပိုင်းတိုင်းစစ်ဌာနချပ် (လပခ) က အခုနှစ် သြဂုတ် ၂၆ ရက်မှာ မကွေးပြည်သူ့စစ်ခေါင်းဆောင် ကိုမင်းနဲ့အဖွဲ့ဝင် ၁၁ ယောက်ကို လက်နက်တွေ တပ်ဆင်ပေးခဲ့တာဖြစ်ပြီး အခုတော့ လက်နက်တွေ ပြန်သိမ်းဖို့ လုပ်နေတယ်လို့ လပခနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က DVB ကို ပြောပါတယ်။

“ခေါင်းဆောင်ကလည်း သေသွားပြီ၊ ကျန်တဲ့သူတွေလည်း ထွက်ပြေးနေတော့ လက်နက်တွေ ပြန်သိမ်းဖို့ နယ်မြေခံတပ်တွေဖြစ်တဲ့ ခလရ ၈၃၊ ခမရ ၃၀၁ နဲ့ ခမရ ၃၁၇ ကို အကြောင်းကြားထားတယ်။” 

မကွေးပြည်သူ့စစ်ခေါင်းဆောင် ကိုမင်းဟာ ၂၀၂၃ ခုက အမျိုးသားရေးလှုပ်ရှားသူတွေနဲ့ ပေါင်းကာ သွေးသောက်အဖွဲ့ ဖွဲ့စည်းခဲ့ပြီး မန္တလေးနဲ့မကွေးမြို့က  နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေ၊ NLD ပါတီဝင်တွေကို လည်ပင်းမှာ သွေးသောက်တံဆိပ်ကြိုး ချိတ်ဆွဲပြီး သတ်ဖြတ်ခဲ့သူလည်း ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013