Home
မြန်မာသတင်း
ဆိပ်ဖြူတွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရပြီး ၆ ဦးထက်မနည်း သေဆုံး
DVB
·
November 25, 2024
Photo : Yenanthar Column

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်မှာ စစ်ကောင်စီယာဉ်တန်းကို နိုဝင်ဘာ ၂၃ ရက် ညနေ ၅ နာရီဝန်းကျင်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ယောက်ထက်မနည်း သေဆုံးခဲ့​တယ်လို့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း (Yenanthar Column) ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

“မြင်းခြံ ကပစ ၂၂ ကနေ ထွက်လာတဲ့ စစ်ကား ၃ စီးနဲ့ စစ်ယာဉ်တန်းကို တိုက်ခိုက်ခဲ့လို့ သူတို့ဘက်က ၆ ကောင်ထက်မနည်း သေတယ်။ ဒဏ်ရာရတဲ့သူတွေလည်း များတယ်။”

အဆိုပါစစ်ယာဥ်တန်းကို ဆိပ်ဖြူမြို့နဲ့ ၁၀ မိုင်လမ်းဆုံကြားမှာ မိုင်းဆွဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Yenanthar Column ရဲ့ အဆိုပါစစ်ဆင်ရေးတာဝန်ခံက “သူတို့ စစ်ကား ၃ စီးလာတာ အင်အားဘယ်လောက်ပါလဲတော့ မသိဘူး။ မိုင်းအရင်ဆွဲပြီးမှ မီတာ ၁၀၀ လောက် အကွာကနေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခဲ့တာပါ။ သူတို့ဘက်က ရမ်းပစ်တာတွေတော့ ရှိတယ်။ ကျနော်တို့ရဲဘော်တွေ ထိခိုက်သူမရှိဘဲနဲ့ ပြန်ဆုတ်လာခဲ့ပါတယ်။ စစ်ယာဥ်တန်းက စခ ၆ ကောင် သေတာ မြင်ခဲ့ရတယ်” လို့ DVB ကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို မကွေးတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ Yenanthar Column၊ ပခုက္ကူခရိုင်တပ်ရင်း ၁၉၊ ဆိပ်ဖြူ ဘာမထီ တပ်ခွဲ ၁၊ တပ်ခွဲ ၂၊ ဆိပ်ဖြူမြို့နယ် ပကဖ အနောက်ပိုင်းဇုန် ၁ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့​ကြတာလို့ သိရပါတယ်။

အဆိုပါ တော်လှန်ရေးတပ်ပေါင်းစုတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက် ည ၁၂ နာရီခွဲ ဝန်းကျင်ကလည်း ဆိပ်ဖြူမြို့အနီးက ဆော-ဆိပ်ဖြူ ကားလမ်းပိုင်းပေါ်မှာရှိတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် တပ်ကြပ်တ‌ယောက်နဲ့ တပ်သားတယောက်တို့ သေဆုံးခဲ့သလို ၃ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့တယ်လို့ Yenanthar Column ကနေ သိရပါတယ်။

တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံး ဒဏ်ရာရကြတယ်လို့ တော်လှန်ရေးတပ်ပေါင်းစုတွေဆီကနေ သိရပေမဲ့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်လာတာ မတွေ့ရသလို DVB အနေနဲ့လည်း သီးခြား အတည်မပြုနိုင်သေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013