Home
မြန်မာသတင်း
ကျွန်းလှတွင် တိုက်ပွဲဖြစ်ပြီး ကျေးရွာ ၅ ရွာက ပြည်သူများ စစ်ဘေးရှောင် 
DVB
·
November 22, 2024

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်၊ ကုက္ကိုကုန်းရွာမှာ နိုဝင်ဘာ ၂၀ ရက်ကစတင်ပြီး ၂၂ ရက်အထိ တိုက်ပွဲဖြစ်ပွားနေတာကြောင့် ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ကုက္ကိုကုန်းရွာ အပါအဝင် အနီးဝန်းကျင်ကျေးရွာက ပြည်သူတွေ နေရပ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အဆိုပါစစ်ကြောင်းဟာ ကျွန်းလှမြို့ကတဆင့် ကံပေါက် ပျူရွာကို ဝင်ရောက်ပြီး ကံပေါက်ပျူရွာကနေ ကုက္ကိုကုန်းရွာကို ပစ်ခတ်ဝင်ရောက်လာတာလို့လည်း သိရပါတယ်။

ဒေသခံ ရွာသားတယောက်က “စစ်ကြောင်းက ကျနော်တို့ရွာထဲ မရောက်ခင်ကတည်းက ဒရုန်းတွေနဲ့ ဗုံးသီးချတယ်။ လက်နက်ကြီးတွေနဲ့ ပစ်ခတ် ဝင်ရောက်လာတယ်ဗျ။ သူတို့ ပစ်ခတ်ဗုံးသီးချ တိုက်ခိုက်တော့ ဘယ်ပြည်သူက ရွာထဲနေရဲတော့မလဲ။ အကုန် ရွာထဲကနေ ထွက်ပြေးနေရတယ်။ သူတို့ ရွာထဲရောက်ပြီး သိပ်မကြာဘူး၊ PDF အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ကြတော့တာပါပဲ။ လေယာဉ်နဲ့ပါ စစ်ကောင်စီဘက်က လာပစ်ခတ်တာတွေလည်း ရှိတယ်။ သူတို့က ဒီနေ့ နိုဝင်ဘာ ၂၂ ရက်‌အထိ ရွာထဲမှာပဲ တပ်စွဲထားနေတုန်းပဲ။ သူတို့ရှိနေတော့ ကျနော်တို့ ရွာထဲပြန်ဝင်လို့ မရသေးဘူး ဖြစ်နေတယ်” လို့ ပြောပါတယ်။

အခုလို စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေတာကြောင့် ကုက္ကိုကုန်းရွာ အပါအဝင် မကျီးကုန်းရွာ၊ သရက်တောရွာ၊ လွှတ်တိုက်ရွာ၊ မဒေါင်းရွာနဲ့ ညောင်ကုန်းရွာက ဒေသခံပြည်သူတွေ နေရပ်စွန့်ခွာ‌ နေကြရတယ်လို့လည်း သိရပါတယ်။

ကျွန်းလှမြို့နယ် ပြည်သူအုပ်ချုပ်ရေး တာဝန်ရှိသူတယောက်က “တိုက်ပွဲက နိုဝင်ဘာ ၂၀ ရက်နေ့ကတော့ အတော်ပြင်းပြင်းထန်ထန် ဖြစ်တယ်ဗျ။ ဒီနေ့အထိကတော့ နှစ်ဖက် စောင့်ကြည့်ပြီး စစ်ရေးအခြေအနေက တင်းမာနေတုန်းဗျ။ ပြည်သူတွေကတော့ စစ်တပ် ရွာထဲရှိ‌နေတော့ အသက်အန္တရာယ် မလုံခြုံလို့ ရွာထဲပြန်မဝင်ကြသေးဘူး။ စစ်တပ်ကတော့ နေ့တိုင်းလိုလို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေလည်း ရှိနေတယ်” လို့ ပြောပါတယ်။

ပြီးခဲတဲ့ရက်ပိုင်းကလည်း စစ်တပ်က ရွာကုန်းကြီးရွာနဲ့ လိပ်ဆင်း‌တောင်ရွာကို လေယာဉ်နဲ့ ပစ်ခတ်လို့ ပြည်သူနေအိမ် ၂ လုံး၊ ကားဝပ်ရှော့နဲ့ ကား ၃ စီး မီးလောင်ဆုံးရှုံးခဲ့ရပြီး ပြည်သူတယောက် သေဆုံးခဲ့ရကာ ၃ ယောက်ထက်မနည်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013