စစ်ကောင်စီနဲ့ အာရက္ခတပ်တော်(AA) တို့ ဖြစ်ပွားနေကြတဲ့ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ထဲက တိုက်ပွဲတွေဟာ မြို့နဲ့ ၁၀ မိုင်လောက်အကွာကိုရောက်လာပြီး ရခိုင်ပြည်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်မှာတော့ စစ်တပ်က စစ်ကြောင်းထိုး နယ်မြေရှင်းတာတွေ လုပ်နေတယ်လို့ သိရပါတယ်။
တိုက်ပွဲတွေဟာ မြို့နဲ့ ၁၀ မိုင်ပဲကွာဝေးတဲ့ ဆပ်သွားကျေးရွာအနီးအထိ ရောက်လာနေပြီး စစ်ကောင်စီဘက်က အရပ်သားကျေးရွာတွေကို လေကြောင်းနဲ့ ရေကြောင်းကနေ ပစ်ခတ်တာတွေကြောင့်လည်း အရပ်သားထိခိုက်သေဆုံးတာတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဆပ်သွား၊ ပိန္နတောင်ကျေးရွာအနီးတွေမှာ နှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေဆဲဖြစ်ပြီး စစ်ကောင်စီက လေကြောင်းပစ်ကူ၊ ရေကြောင်းပစ်ကူတွေနဲ့ အပြင်းအထန် ပစ်ကူပေးနေပြီးတော့ တိုက်ပွဲဟာလည်း နေ့တိုင်းပြင်းထန်နေတယ်လို့ ဂွမြို့နယ်အခြေစိုက် စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ်။
“ဂွဘက်မှာတော့ တိုက်ပွဲကနေ့တိုင်းပြင်းထန်နေဆဲဖြစ်တယ်။ လက်ရှိမှာတော့ မြိုနဲ့ ၁၀ မိုင် ဝန်းကျင်သာ အကွာအဝေးရှိတဲ့ ဆပ်သွားနဲ့ ပိန္နဲတောင်ကျေးရွာအနီးမှာ ဖြစ်နေကြတာ။ နိုဝင်ဘာလ ၂၁ ရက်နေ့ကဆိုရင် စစ်ကောင်စီရဲ့ နေဗီကပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကျပြီးတော့ ကျောက်တောင်ကျေးရွာက အမျိုးသမီးတဦးသေဆုံခဲ့ပြီးတော့ နောက်ထပ်အမျိုးသမီးတဦးလည်း ထိခိုက်ဒဏ်ရာရရှိသွားတာရှိတယ်။ စစ်ကောင်စီဘက်က အတွေ့အကြုံမရှိတဲ့ ပြည်သူ့စစ် အများအပြားကို ရှေ့တန်းပို့ထားတာဖြစ်ပြီး ထွက်ပြေးကြတာတွေ၊ လက်နက်ချတာတွေ အများကြီးရှိကြတယ်။ ဂွမြို့ပေါ်မှာတော့ စစ်ကောင်စီက ဧရာဝတီဘက်က ပို့ဆောင်ထားတဲ့ စစ်သားတွေနဲ့ အင်းအားဖြည့်တင်းနေတာတွေရှိတယ်” လို့ ပြောပါတယ်။
ဂွမြို့နယ်အတွင်းမှာ အာရက္ခတပ်တော်က ဩဂုတ်လကတည်းက စတင် တိုက်ပွဲဖော် တိုက်ခိုက်နေတာဖြစ်ပြီး မြိုနဲ့ မိုင် ၄၀ ခန့်အကွာကနေ လက်ရှိမှာ ၁၀ မိုင် အတွင်းအထိ ထိုးဖောက်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ကျိန္တလီမြို့ကို သိမ်းပိုက်ထားပြီးလည်းဖြစ်ပါတယ်။
ဂွမြို့နယ်တခုလုံး စစ်ဘေးတိမ်းရှောင်နေကြရပြီးတော့ စစ်ကောင်စီက စားသောက်ကုန်နဲ့ ဆေးဝါးတွေကို တင်သွင်းခွင့် လုံးဝပိတ်ပင်ထားတာကြောင့် မြိုနယ်အတွင်း စစ်ဘေးရှောင်တွေဟာ စားဝတ်နေရေး ခက်ခဲနေကြပါတယ်။
ဂွမြို့နယ်ထဲမှာ စစ်ကောင်စီရဲ့ ခမရ ၅၆၂ နဲ့ ခမရ ၅၆၃ တပ်ရင်းတို့ အခြေစိုက်ထားတာဖြစ်ပြီး ဧရာဝတီဘက်က စစ်ကူအမြောက်အများကိုပို့ပြီး မြို့တွင်းမှာ ခံစစ် အခိုင်အမာ ပြင်ဆင်နေတယ်လို့လည်း မြို့ခံတွေဆီက သိရပါတယ်။
ဂွမြို့နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု၊ ရေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနဲ့ စစ်ကြောင်းထိုး ဝင်ရောက်သတ်ဖြတ်မှုတွေကြောင့် အရပ်သား သေဆုံးသူ ၂၃ ယောက် အထိရှိပြီး ထိခိုက်ဒဏ်ရာရှိသူနဲ့ ဖမ်းဆီးခံခဲ့ရသူ ၄၀ နီးပါးရှိတယ်လို့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းောဆင်ရွက်ရေးရုံး HDCO ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ရခိုင်တိုက်ပွဲ ၁ နှစ်အတွင်းမှာ အာရက္ခတပ်တော်က မြို့နယ် ၁၁ ခုအထိသိမ်းပိုက်ထားပြီး လက်ရှိမှာ ဂွ၊ အမ်း၊ တောင်ကုတ်နဲ့ မောင်တောမြို့နယ်တို့က စစ်ကောင်စီတပ်တွေကို တိုက်ခိုက်နေပါတယ်။
ရခိုင်ပြည်နဲ့ ထိစပ်နေတဲ့ ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ စိမ့်ကြီးကျေးရွာအနီးမှာ စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ ရက်ကစလို့ စစ်ကြောင်းထိုးနယ်မြေရှင်းနေသလို သေနတ်တွေလည်း ရမ်းသမ်းပစ်ခတ် နေတယ်လို့ ဒေသခံတွေက ပြောပတါယ်။
ဒေသခံအမျိုးသမီးတယောက်က “သူတို့ သေနတ်တွေနဲ့ဟိုပစ်ဒီပစ်လုပ်နေတာ။ ဒါမျိုး မကြုံဖူးဘူးလေ။ စစ်သားတွေတော်တော်များတာ။ လယ်ထဲတောင်သွားမကြည့်ရဲဘူး။ ဖမ်းမှာလည်းကြောက်တယ်။ သေနတ်ထိမှာလည်း ကြောက်တယ်” လို့ ပြောပါတယ်။
စစ်ကောင်စီအင်အား ၄၀ကျော်လောက်နဲ့စိမ့်ကြီးကျေးရွာနားမှာ နိုဝင်ဘာ ၂၂ ရက်အထိ နယ်မြေရှင်းလင်းနေတာ ဖြစ်ပြီး တိုက်ပွဲဖြစ်မဲ့အခြေအနေရှိတယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်သူ ဆီက သိရပါတယ်။
“လက်ရှိတော့ အဲဒီကျေးရွာ အနီးတဝိုက်မှာ တိုက်ပွဲဖြစ်တာမရှိပါဘူး။ စကစ တပ်က ရောက်ရှိ တပ်အထိုင်ချ စစ်ကြောင်းထိုးနေတာပဲရှိတယ်။ ဒီအခြေအနေတိုင်းဆို ဂွဘက်က တိုက်ပွဲက ဒီဘက်ကူးစက်လာလောက်မယ်” လို့ ပြောပါတယ်။
ရေကြည်မြို့နယ်ထဲက ရခိုင်ပြည်နယ်နဲ့ထိစပ်နေတဲ့ စိမ့်ကြီးကျေးရွာအပါအဝင် ကျေးရွာတွေက ဒေသခံအများစုဟာ မီးသွေးဖုတ် လုပ်ငန်း၊ ထင်းလုပ်ငန်း၊ ပြောင်းနဲ့စပါး စိုက်ပျိုးတဲ့လုပ်ငန်း တွေကို အဓိကလုပ်ကိုင်ကြပြီး ရေကြည်မြို့နယ်က ကျေးရွာတွေမှာ ဂွ၊ တောင်ကုတ်၊ အမ်း စတဲ့မြိုနယ်တွေက တိမ်းရှောင်လာတဲ့စစ်ရှောင်တွေလည်း တောတောင်တွေထဲမှာရှိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။