Home
မြန်မာသတင်း
ဆုံးရှုံးမှုများကြားက ၅ နှစ်ကြာ တောင့်ခံနေဆဲ မြန်မာအမျိုးသမီးများ
DVB
·
February 3, 2026

စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကြောင့် အသက်ဆုံးရှုံးရသူ၊ နေရပ်စွန့်ခွာရသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးတွေက အများဆုံး ဖြစ်နေပါတယ်။ အာဏာသိမ်း ၅ နှစ်ပြည့်ချိန်မှာ မြန်မာအမျိုးသမီးတွေ ပေးဆပ်ခဲ့ရမှုတွေနဲ့ ရင်ဆိုင်တောင့်ခံနေရမှုတွေကို ကိန်းဂဏန်းတွေကပဲ ဖော်ပြနေပါတယ်။

အာဏာသိမ်း ၅ နှစ်တာမှာ အမျိုးသမီး ၂,၀၀၀ ကျော် သေဆုံးခဲ့ရပြီး သန်းနဲ့ချီတဲ့ အမျိုးသမီးတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။

လက်ရှိအချိန်အထိ ပြည်ပနိုင်ငံတွေကို ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ဒုက္ခသည် အရေအတွက်ဟာ ၁ ဒသမ ၅၇ သန်း ရှိနေပြီး အာဏာသိမ်းဖြစ်စဉ် ၂၀၂၁ ခုနှစ်နောက်ပိုင်း ထွက်ပြေးလာသူတွေက ၂၈၆,၂၀၀ ရှိတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ရဲ့ ၂၀၂၆ နှစ်အစပိုင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ ဒီကိန်းဂဏန်း အရေအတွက်တွေထဲ အမျိုးသမီးတွေဟာ ထက်ဝက်ကျော် ပါဝင်နေပါတယ်။

ပြည်ပကိုထွက်ပြေးလာသူ CDM ဝန်ထမ်းတယောက်က “အမျိုးသားရဲ့ အလုပ်လည်း စွန့်လွှတ်ခဲ့ရတယ်၊ အမရဲ့အလုပ်လည်း စွန့်လွှတ်ခဲ့တယ်၊ ကလေးတွေရဲ့ ကျောင်းပညာရေးကိုလည်း စွန့်လွှတ်ခဲ့ရတယ်။ ပြောရရင် ကိုယ်ပိုင်ဆိုင်တာတွေ အကုန်စွန့်လွှတ်ခဲ့ရပြီး ဒီဘက် တော်လှန်ရေးဘက်ကို ပါလာခဲ့တာ။ ကိုယ်က လကုန်တာနဲ့ လစာရတဲ့ ဘဝကနေ လကုန်ရင် အိမ်လစာပေးရတာတွေ၊ ကလေးကျောင်းစရိတ်အတွက် ဒါတွေ အများကြီး ကြုံတွေ့ခဲ့ရ အခက်အခဲတွေကို တောင့်ခံလာရတယ်ပေါ့။ မရှိ ရှိတဲ့ဟာလေးတွေ ရောင်းစား၊ ပြီးရင် ရတဲ့အလုပ် သွားလုပ်၊ အိမ်အကူအလုပ်လား လိုက်လုပ်တယ်၊ စက်ရုံအလုပ်လား လိုက်လုပ်တယ်၊ ဈေးရောင်းတာလား အကုန်လိုက်လုပ်တယ်။ ဒီလမ်းကို ဆက်ပြီးတော့ လျှောက်မှာ၊ မိသားစုလိုက် ရဲရဲတင်းတင်းလျှောက်မယ်၊ ဘယ်တော့မှ နောက်ပြန် မဆုတ်ဘူးလို့ ခံယူထားတယ်” လို့ ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ၂၀၂၅ နှစ်ကုန်ပိုင်း ထုတ်ပြန်ထားချက်တွေအရ မြန်မာနိုင်ငံတွင်း နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ IDPs ဦးရေဟာ ၃ ဒသမ ၆ သန်းထိ တိုးလာပြီး အမျိုးသမီးနဲ့ ကလေးသူငယ်အရေအတွက်ဟာ IPDs ဦးရေ စုစုပေါင်းရဲ့ ၇၀ ရာခိုင်နှုန်းထိ ရှိနေတာကို တွေ့ရှိရပါတယ်။

ရွှေ့ပြောင်းလာသူတွေ စုဝေး နေထိုင် စားသောက်ရတဲ့ အသိုက်အဝန်းနဲ့ အလေ့အထတွေကြောင့် အမျိုးသမီးတွေဟာ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေအပြင် စစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကိုပါ တပါတည်း ရင်စည်းခံစားနေကြရပါတယ်။

ကရင်နီဒေသ မြေပြင်ကုသရေးဆရာဝန် လင်းနီဇိုက “သုံးရတဲ့ရေ၊ နေရတဲ့ အသိုက်အဝန်း၊ ပတ်ဝန်းကျင်၊ သူတို့ရဲ့ စိတ်ပိုင်း ရုပ်ပိုင်း ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ အများကြီးပဲ။ နောက် ဒီကာလမှာ စစ်ရဲ့ နောက်ဆက်တွဲအရ စစ်နဲ့အတူ ဒီလူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေကလည်း ပြောင်းလဲလာတွေ အများကြီးရှိတဲ့အခါမှာ အိမ်တွင်းအကြမ်းဖက်မှုတွေ conflict related sexual violence (ပဋိပက္ခနောက်ဆက်တွဲ လိင်ပိုင်ဆိုင်ရာ ကြမ်းဖက်မှု) တွေလည်း အများကြီး ကြုံရတွေ့ရတယ်။ ဒီဟာတွေအတွက်လည်း ကျမတို့မှာ အဖြေရှာရ အဖြေထုတ်ရခက်ပြီး ဖြေရှင်းနေရဆဲပဲ။ ဆိုတော့ ဒီလို impact တွေကြားမှာ ဖြတ်သန်းလာရတဲ့၊ ကြီးပြင်းလာရတဲ့ အမျိုးသမီးတွေ၊ ကလေးငယ်တွေ အတွက်ကတော့ တကယ်ကို challenge တခုပါပဲ။ တော်လှန်ရေး ပြီးသွားရင်တောင် သူတို့တွေကို recover ဖြစ်အောင် ပုံမှန်အခြေအနေမှာ ပုံမှန်အနေအထားမျိုးနဲ့ ဆက်ပြီးတော့ ကျော်ဖြတ်နိုင်အောင် ကျမတို့တွေ အများကြီးပံ့ပိုးရမဲ့ အနေအထားမှာ ရှိတယ်” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အာဏာသိမ်း ၅ နှစ်တာကာလအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျူးလွန်ခဲ့တဲ့  အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ်ပေါင်း ၅၀၁ မှု ရှိခဲ့ပြီး သေဆုံးခဲ့ရသူဟာ ၅,၁၈၈ ယောက် ရှိခဲ့ကာ အဲဒီအထဲမှာ အမျိုးသမီး ၉၄၀ ပါဝင်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ၂၀၂၆ ခုနှစ် ဇန်နဝါရီလ နောက်ဆုံးထုတ်ပြန်ထားချက်အရ သိရပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂ တွဲဖက်အထွေထွေအတွင်းရေးမှူး ၁ မဝေဝေက “အမြောက်တွေနဲ့ပစ်လို့ ဗုံးသံ အမြောက်သံတွေကြားထဲ အသက်သေဆုံးရတဲ့ အမျိုးသမီးတွေ ရှိသလို စစ်အုပ်စုရဲ့ စစ်ကြောင်းထိုးပြီး gun brake လုပ်ပြီးတော့ သေနတ်နဲ့ အသတ်ခံရတဲ့ အမျိုးသမီးတွေ အများကြီးရှိတယ်။ ဒီလို အသက်သေဆုံးရမှုတွေအတွက် တာဝန်အရှိဆုံးကတော့ အကြမ်းဖက်စစ်အုပ်စုပဲ ဖြစ်တယ်လို့ ပြောချင်တယ်။ ကျမတို့ အမျိုးသမီးသမဂ္ဂအနေနဲ့ ဆိုရင် ဒါမျိုးတွေ ရပ်တန့်သွားဖို့၊ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ကျဆုံးပြီး အားလုံးတန်းတူရေးကို ဖော်ဆောင်နိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တခု ပေါ်လာမှသာလျှင် ဒီလို အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ ကလေးတွေဟာ အချိန်မတိုင်ခင် အသက်သေဆုံးရမှုတွေကို လျှော့ချနိုင်မှာ ရပ်တန့်နိုင်မှာ ဖြစ်ပါတယ်။ ဒါတွေကို ဆက်လက်တိုက်ပွဲဝင်နေပါတယ်၊ အတူရှိနေပါတယ်” လို့ ပြောပါတယ်။

မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ ထုတ်ပြန်ထားချက်အရ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်းမှာပဲ စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းနဲ့ မြေပြင် တိုက်ခိုက်မှုတွေကြောင့် အမျိုးသမီး ၇၉၂ ယောက် သေဆုံးခဲ့ရပြီး ၈၁၅ ယောက်က ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

သေဆုံးသူစာရင်းတွေထဲ အသက် ၁၈ အောက် အမျိုးသမီးနဲ့ ကလေးငယ် ၁၅၄ ယောက် ပါဝင်ပြီး ကိုယ်ဝန်ဆောင် ၅ ယောက်လည်း ပါဝင်နေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်မှာတော့  အာဏာသိမ်းပြီးနောက် စစ်အုပ်စုရဲ့ ဖမ်းဆီးခံရတဲ့ အမျိုးသမီး ၆,၂၅၃ ယောက် ရှိခဲ့ပြီး သေဆုံးသူ ၂,၀၃၃ ယောက် ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013