Home
မြန်မာသတင်း
စစ်အာဏာရှင်တော်လှန်ရေးနှင့် တန်းတူညီမျှရေး မြန်မာအမျိုးသမီးများ ကြိုးပမ်းနေ  
DVB
·
March 7, 2024
MyanmarWomensSpringRevolution_07032024

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာအမျိုးသမီးတွေဟာ စစ်အာဏာရှင်တော်လှန်ရေးမှာ ကဏ္ဍပေါင်းစုံကနေ ပါဝင်ကြိုးပမ်းနေရသလို တဖက်မှာလည်း ကျား၊ မ တန်းတူ အခွင့်အရေးရရှိဖို့ပါ ဆက်လက်ကြိုးစားရုန်းကန်နေရဆဲ ဖြစ်တယ်လို့ အမျိုးသမီးအရေး လှုပ်ရှားသူတွေက ပြောပါတယ်။

မတ်လ ၈ ရက်က အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပြီး နိုင်ငံတကာမှာတော့ အမျိုးသမီး အခွင့်အရေး တောင်းဆိုတာတွေ၊ အထိမ်းအမှတ်ပွဲတွေ၊ ဂုဏ်ပြုအခမ်းအနားတွေနဲ့ ပျော်ပွဲရွှင်ပွဲတွေ ကျင်းပလေ့ ရှိကြပါတယ်။

၂၀၂၄ ခုနှစ်ရဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဆောင်ပုဒ်က “ကဏ္ဍစုံမှာ အမျိုးသမီးတွေ ပါဝင်စေရေး” Inspire Inclusion ဖြစ်ပေမဲ့ မြန်မာနိုင်ငံက အမျိုးသမီးအဖွဲ့တွေကတော့ အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့ ၂၀၂၁ ခုနှစ်က ဆောင်ပုဒ်ဖြစ်တဲ့ “ငါတို့ထမီ ငါတို့အလံ ငါတို့အောင်ပွဲ။ တန်းတူရေးကို ဖော်ဆောင်ဖို့ ဖိုဝါဒကို တိုက်ဖျက်စို့” ဆိုတဲ့ လက်စွဲ ဆောင်ပုဒ်ကိုပဲ ဆက်လက်အသုံးပြုသွားမယ်လို့ ပြောပါတယ်၊ 

နိုင်ငံတကာက အမျိုးသမီးတွေနဲ့ ယှဉ်ရင် မြန်မာနိုင်ငံက အမျိုးသမီးတွေကတော့ ကျား၊ မ တန်းတူအခွင့်အရေးရရှိဖို့ ဆက်လက်ကြိုးစားနေဖို့ လိုအပ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ အထွေထွေအတွင်းရေးမှူး နော်ခင်စန်းထွေးက ပြောပါတယ်၊

အာဏာရှင်ကို တွန်းလှန်တိုက်ထုတ်ရင်းနဲ့ တဖက်မှာလည်း အမျိုးသမီးတွေအပေါ်ထားတဲ့ စံနှုန်းသဘောထားတွေ ပြောင်းလဲဖို့ အတွေးအခေါ်တော်လှန်ရေးအသစ်တရပ်ကိုပါ တပါတည်း ဆင်နွှဲနေတာဖြစ်လို့ ဆက်လက်ပြီး ကြိုးစားသွားမယ့်အကြောင်းကို မုံရွာလူထုသပိတ်ဦးဆောင် ကော်မတီက မချောစုစံက ပြောပါတယ်။

“ကျမတို့တွေက စစ်အာဏာရှင်စနစ်ကိုသာ မဟုတ်ဘဲနဲ့ အတွေးအခေါ်တော်လှန်ရေးတရပ်ကိုပါ ဆင်နွှဲနေရတယ်။ စစ်အာဏာရှင်စနစ်ကိုပဲ တိုက်ထုတ်နေရုံနဲ့ ကျမတို့ အမျိုးသမီးတွေ ဘဝက အေးချမ်းသွားမှာ မဟုတ်ပါဘူး။ ကျမတို့နိုင်ငံက ဆွေးမြည့်နေတဲ့ အတွေးအခေါ်အဟောင်းတွေကို တိုက်ထုတ်နေတဲ့ အတွေးအခေါ် တော်လှန်ရေးတရပ်ကို ဆင်နွှဲနေတာဖြစ်တဲ့အတွက် ဒီထက် ပိုခက်ခဲပါလိမ့်ဦးမယ်။ ဒီထက် ပိုပင်ပန်းပါလိမ့်ဦးမယ်။ အချင်းချင်း ဖေးမကူညီမှုတွေနဲ့အတူ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပြီးတော့ ကျမတို့ အမျိုးသမီးတွေရဲ့ ဘဝတွေ ပိုမိုမြင့်တက်လာမယ့် ရပ်ဝန်းသစ်ဆီကို အတူတူချီတက်ကြမယ်လို့ ပြောချင်ပါတယ်။”

နိုင်ငံတကာမှာ ရှိနေတဲ့ အမျိုးသမီးတွေရဲ့ တန်းတူအခွင့်အရေး ရရှိနေမှုနဲ့  နှိုင်းယှဉ် စဉ်းစားရင် မြန်မာအမျိုးသမီးတွေက ဘယ်လိုမှ မမီနိုင်တဲ့ အခြေအနေမျိုးတွေဖြစ်တယ်၊ နည်းလမ်းပေါင်းစုံနဲ့ အမျိုးသမီးတွေက ဖိနှိပ်ခံထားရတာတွေဖြစ်လို့ ဘက်ပေါင်းစုံက အမျိုးသမီးအစုအဖွဲ့တွေ အပါအဝင် ကျား၊ မ တန်းတူရေးကို လက်ခံကျင့်သုံးပြီး တန်းတူအခွင့်အရေးတွေ ရရှိဖို့အတွက် ကြိုးစားဖို့လိုဦးမယ်လို့ သုံးသပ်ပြောပါတယ်။

တော်လှန်ရေးထဲမှာ ပုံစံမျိုးစုံနဲ့ပါဝင်နေကြတဲ့ အမျိုးသမီးတွေကို တလေးတစား ဂုဏ်ပြုကြောင်း မြန်မာအမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) ရဲ့ အထွေထွေအတွင်းရေးမှူး မနန်းမို့မို့က ပြောပါတယ်။

“အခုဆိုရင် ပိုဆိုးတာက ဒီ ၃ နှစ်တာ အာဏာသိမ်းပြီးတဲ့အတောအတွင်းမှာ ဒီလို နေ့ထူးနေ့မြတ်တွေမှာ ပျော်နေရမယ့်အစားကို ပိုပြီးတော့ စိတ်ပင်ပန်း ဒုက္ခရောက်ရတဲ့ အနေအထား ဖြစ်တယ်ပေါ့နော်။ သတ္တိတအားရှိတဲ့ ရဲရဲတောက် အမျိုးသမီးတွေက ဒီနေ့ ဒီအချိန်ထိ အခက်အခဲတွေကြားထဲမှာ မြေပြင်မှာ တကယ့် လူသားချင်းစာနာ ထောက်ထားမှု အကူအညီပေးတာကအစ အမျိုးမျိုးပေါ့၊ အန္တရာယ်အမျိုးမျိုးပေါ့၊ လက်နက်ကိုင် တိုက်ပွဲဝင်တဲ့အထိ လုပ်ဆောင်နေကြတာ ဖြစ်တယ်ပေါ့။ ကျမအနေနဲ့က အဲဒီအမျိုးသမီးတွေ အကုန်လုံးကို ဂုဏ်ပြုချင်တယ်။ လေးလည်း လေးစားတယ်။”

ပြည်တွင်းက စစ်အာဏာရှင်လက်အောက်မှာ မကျင်းပလိုတဲ့ အမျိုးသမီးအဖွဲ့တွေကတော့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ပွဲကို ထိုင်းနိုင်ငံနဲ့ ပြည်ပနိုင်ငံတော်တော်များများမှာ ပြုလုပ်သွားဖို့ အစီအစဉ်ရှိပါတယ်။

စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၄ ဖေဖော်ဝါရီ ၂၈ ရက်အထိ မြန်မာနိုင်ငံတဝန်း အမျိုးသမီးအယောက် ၈၀၀ ကျော် သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၃၃၃၂ ယောက်ရှိကာ ပြစ်ဒဏ်ချမှတ်ခံထားရသူ ၇၁၈ ယောက်ရှိတယ်လို့  မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ရဲ့ စာရင်းတွေအရ သိရပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013