မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဘီလင်း-တောင်စွန်း ကားလမ်းမဘေးမှာရှိတဲ့ ကော့ကဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ မတ် ၇ ရက် မနက် ၁ နာရီခွဲက ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး ရုံးအဆောက်အအုံ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တောင်စွန်းရွာခံတဦးက “ဒီမနက် ၁ နာရီခွဲလောက်မှာ မိုင်းပေါက်ကွဲသံကြားရတာ၊ အသံက တော်တော်ကျယ်တယ်။ ဗုံးပစ်သွားတဲ့အသံတော့ မဟုတ်ဘူး၊ ထောင်သွားတာပဲထင်တယ်။ ရုံးပဲထိခိုက်သွားတာ လူထိခိုက်မှုမရှိပါဘူး။ ရုံးကတော့ တော်တော်ပျက်စီးသွားတာ။ အဆောက်အအုံအမိုးတွေ လန်ထွက်တာ၊ မျက်နှာကြက်တွေ ပြုတ်ကျတာ၊ အုတ်တွေပြိုကျတာတွေ ဖြစ်တယ်။ ဘယ်အဖွဲ့လုပ်မှန်းတော့ မသိဘူး” လို့ ပြောပါတယ်။
ကော့ကဒွတ်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဗုံးပေါက်ကွဲပြီးနောက် ဒီနေ့မနက်မှာ စစ်ကောင်စီတပ်သားတွေ လာရောက်ခဲ့ပေမဲ့ စစ်ဆေးတာတွေ မရှိခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဖေဖော်ဝါရီ ၁၅ ရက်ကလည်း ဘီလင်းမြို့နယ်၊ တောင်စွန်းလျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှု ဖြစ်ပွားပြီး အဆောက်အအုံတချို့ ထိခိုက်မှုရှိခဲ့သလို နေ့စားဝန်ထမ်းတယောက်လည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။