
ရုရှားက ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်လို့ ယူကရိန်းနိုင်ငံသားတွေရဲ့ အိမ်တွေမှာ အပူပေးစနစ်နဲ့ လျှပ်စစ်ဓာတ်အား ပြတ်လပ်နေပေမဲ့ ကိယက်ဗ်မြို့ပြင်က ရေခဲပြင်ကို မြို့ခံတွေက ဖေဖော်ဝါရီ ၁ ရက်မှာ DJ ပါတီတွေအတွက် နေရာအဖြစ် ပြောင်းလဲလိုက်ပါတယ်။
ကားတွေကို အရှိန်နဲ့ စတန့်ထွင် မောင်းခဲ့ကြပြီး လူတွေက နှင်းလျှောစီးခဲ့ကြတာပါ။ ကိယက်ဗ်မြို့တော်ရဲ့ တခြားနေရာတွေမှာ နေသူတွေကလည်း ရေခဲပြင်ရှိရာ နစ်ပရိုမြစ်ပေါ်မှာ DJ ဦးဆောင်တဲ့ အကပွဲအတွက် စုဝေးခဲ့ကြပါတယ်။
အသက် ၃၄ နှစ်အရွယ် အန်ဒရေ ဇီဂန်ရှင်က တိုက်ပွဲတွေနဲ့ စွမ်းအင်ပြတ်လပ်မှုတွေ ရှိနေပေမဲ့ ဆောင်းရာသီကို ပျော်ပျော်ကြီးခံစားဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။
အရင်ရက်ကလည်း ကိယက်ဗ်မြို့တော်မှာ ဒေသခံ အယောက် ၃,၀၀၀ လောက်က လေဟာပြင်ပါတီအတွက် ရေခဲပြင်တနေရာမှာ စုဝေးခဲ့ကြပြီး DJ တယောက်ကို ဝိုင်းရံရင်း ရေခဲပြင်ပေါ်မှာ ကခုန်ခဲ့ကြပါတယ်။
အသက် ၃၀ အရွယ် ဂရပ်ဖစ်ဒီဇိုင်နာ မာရီယာက ဒီပွဲစဉ်တွေဟာ အပူမပေးထားတဲ့ တိုက်ခန်းတွေရဲ့ မှောင်မိုက်မှုနဲ့ အအေးဒဏ်ကနေ ရှောင်လွှဲပြီး ကြိုဆိုသင့်တဲ့ အနားယူမှု ခံစားချက်ကို ပေးစွမ်းခဲ့တယ်လို့ ပြောပါတယ်။
ပြင်းထန်တဲ့ အအေးလှိုင်းအသစ်တခု နိုင်ငံတဝန်းမှာ ပျံ့နှံ့သွားခဲ့ချိန် တနင်္ဂနွေနေ့ မွန်းလွဲပိုင်းက မြို့တော်ကိယက်ဗ်က တိုက်ခန်း ၇၀၀ နီးပါးမှာ အပူပေးစနစ် မရှိခဲ့ဘူးလို့ ဒုတိယဝန်ကြီးချုပ် အိုလက်ဇီ ခူလေဘာက ပြောခဲ့ပါတယ်။
Source: Reuters


